ရန်ကုန်စတော့ရှယ်ယာဈေးကွက်တွင် ရှယ်ယာရောင်းချသူများ အရှုံးပေါ်နေ
DVB
·
January 10, 2017
ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ လက်ရှိ ရှယ်ယာရောင်းချနေသူတွေအနေနဲ့ အမြတ်အစွန်း မရရှိဘဲ ရှုံးနေလို့ ရှယ်ယာရှင်အသစ်တွေ ဈေးကွက်ထဲကို မဝင်လာဘဲ ဖြစ်နေပါတယ်။
ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာအရောင်းအဝယ် ဈေးကွက်တွေကတော့ ကျဆင်းနေတာပါ။
ဒီလို ရှယ်ယာအရောင်းအဝယ်တွေ ကျဆင်းနေတာဟာ စတော့ရှယ်ယာဈေးကွက်ထဲကို ရှယ်ယာရှင်အသစ်တွေ ထပ်မံဝင်ရောက်လာတာ မရှိတဲ့အပြင် ရှယ်ယာရှင်အဟောင်းတွေကလည်း အရောင်းအဝယ် ပြုလုပ်တာတွေကို ရပ်နားလိုက်တာကြောင့်ပါ။
ရှယ်ယာရှင်အသစ်တွေ ဈေးကွက်ထဲကို ထပ်မဝင်လာတာဟာ စတော့ရှယ်ယာဈေးကွက်ထဲမှာ လက်ရှိ ရှယ်ယာအရောင်းအဝယ်ပြုလုပ်တဲ့သူတွေ အနေနဲ့ အမြတ်အစွန်းမရှိဘဲ ရှုံးနေတယ်ဆိုတဲ့ သတင်းတွေကြောင့်ပါလို့ လာရောက်လေ့လာသူတွေက ပြောပါတယ်။
စတော့ရှယ်ယာဈေးကွက် လေ့လာသူ ဦးဝင်းနိုင်က “ကျနော်တို့က လေ့လာနေတုန်းပဲရှိတယ်။ စိတ်ဝင်စားမှုတော့ ရှိတယ်။ ၅၀-၅၀ ပဲ။ ကျနော့်သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတာ တော်တော်များများ ပါပါတယ်” လို့ ပြောပါတယ်။
လက်ရှိ စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာရောင်းချနေတဲ့ ကုမ္ပဏီ ၃ ခုပဲ ရှိပါသေးတယ်။
စတော့ရှယ်ယာရှင် ကိုပိုင်ပိုင်အောင်က “အခုလာမယ့် ဇန်နဝါရီလလောက်မှာ သူတို့တွေ ပြိုင်ပြီးဝင်လာရင် စတော့ရှယ်ယာတွေ အရင်ထက်ပိုပြီးတော့ ရှယ်ယာတွေ တက်လာမယ်လို့ ကျနော် ထင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ နည်းနေတယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့မှာတော့ စတော့ရှယ်ယာဈေးကွက်ထဲမှာ သီလဝါရှယ်ယာတစုကို ကျပ် ၄၄၀၀၊ အက်ဖ်အမ်အိုင် ရှယ်ယာတစုကို ကျပ် ၁၄၀၀၀ နဲ့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၉၁၀၀ ပေါက်ဈေး ရှိနေပါတယ်။
လက်ရှိမှာ ရှယ်ယာဈေးနှုန်းတွေက အပြောင်းအလဲ သိပ်မရှိတဲ့အပြင် ရှယ်ယာ အရောင်းအဝယ်တွေကလည်း သိသိသာသာ ကျဆင်းနေပါတယ်။
ရှယ်ယာရှင်တွေကတော့ နောက်ဝင်လာမယ့် ရှယ်ယာရောင်းချတဲ့ ကုမ္ပဏီသစ်တွေကို စောင့်နေပြီး လက်ရှိမှာ ရှယ်ယာအရောင်းအဝယ်တွေကို နားထားတယ်လို့ ပြောပါတယ်။
သတင်း - ကျော်ဇေယျ