မြန်မာအလုပ်သမားများစီးလာသည့်ယာဉ် တိုက်မှုထပ်မံဖြစ်ပွား၊ ၁ ဦးသေဆုံး
နန်းမြနဒီ
·
January 9, 2017
ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မဲဆောက်ကို ဦးတည်လာနေတဲ့ မြန်မာအလုပ်သမား ၁၄ ဦးပါ တိုယိုတာဟိုင်းလပ်ကားတစီးဟာ ဒီကနေ့မနက် ၂ နာရီကျော်က ကမ်ဖိုင်ဖစ်ခရိုင် ကိုးဆမ်ဖီ နခွန်းမြို့နယ် ဖဟွန်ယိုးထင်း လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူမှာ အသက် ၃၁ နှစ်ရွယ် မြန်မာအမျိုးသမီးတဦးဖြစ်ပြီး ဒဏ်ရာရသူ ၈ ဦးမှာ မြန်မာ အလုပ်သမား ၇ ဦးနဲ့ ယာဉ်မောင်းသမား ထိုင်းလူမျိုးတဦးဖြစ်တယ်လို့ ကိုးဆမ်ဖီန ခွန်းမြို့နယ်ဆေးရုံ တာဝန်ကျဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီမနက် ဆေးရုံကိုရောက်လာတဲ့ လူနာတွေက စုစုပေါင်း ၈ ယောက်၊ ကားမောင်းတဲ့ ထိုင်းလူမျိုးတယောက် နဲ့ မြန်မာ ၇ ယောက်ဖြစ်ပါတယ်၊ နောက်ပြီး သေဆုံးသူ အမျိုးသမီးတယောက်၊ အသက် ၃၁ နှစ် မြန်မာဖြစ်ပါတယ်။ အမည်ကိုတော့ မသိရပါဘူး၊ လူနာတွေကို ဒီဆေးရုံက ရှေးဦးသူနာပြုစုပေးပြီး ကမ်ဖိုင်ဖစ်ခရိုင်ဆေးရုံကို ပြန်လွဲပေးလိုက်ပါပြီ၊ သေသူရဲ့ အလောင်းလည်း ကမ်ဖိုင်ဖစ်ဆေးရုံကို သယ်သွားပါတယ်။”
အဆိုပါ တိုယိုတာကားမောင်းသူဟာ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်မှာ နေထိုင်သူ အသက် ၄၃ နှစ်ရှိ နိုင်းကွန်းဝိရ ကျာရစ်ဆီရီဖြစ်ပြီး မဲဆောက်ကနေ ဘန်ကောက်ကို ရွှေ့ပြောင်း အလုပ်သမားတွေ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း၊ အပြန်ခရီးမှာ မဲဆောက်ကို ပြန်မယ့် နောက်ထပ် အလုပ်သမား ၁၄ ဦးကို တင်ဆောင်လာခဲ့ရာမှ ဖစ်ချုမ်းဖူးကျေးရွာအုပ်စု ဘန့်မိုင်ဖတ်ထနားအကွေ့မှာ အရှေ့က မောင်းနှင်လာတဲ့ ကြံပင်တွေတင်ဆောင်လာတဲ့ ကုန်တင်ကား တစ်စီးနဲ့ တိုက်မိခဲ့တာလို့ ကိုးဆမ်ဖီနခွန်းမြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးဝမ်းလုတ် အားကျန်ဆင်က သတင်းထောက်ကို ပြောပါတယ်။
တိုယိုတာကားရှေ့ခေါင်းတစ်ခုလုံးကြေမွပျက်စီးနေပြီး အမျိုးသမီးတဦးသေဆုံးကာ ကျန် ၁၁ ဦးမှာ မျက်နှာ၊ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရသွားတယ်လို့ ဒုရဲမှူးက ဆက်ပြောပါတယ်။
ကြံပင်တွေတင်လာတဲ့ ကုန်တင်ကားကတော့ တိုက်ပြီးထွက်ပြေးသွားတဲ့အတွက် ဥပဒေအရ အရေးယူဖို့ လိုက်လံရှာဖွေနေတယ်လို့ ရဲစခန်းက ပြောပါတယ်။
ဒီကန်ဖိုင်ဖစ်ခရိုင်ထဲမှာဘဲ ပြီးခဲ့တဲ့ သောကြာနေ့က ဆမွတ်ဆာခွန်းကနေ မဲဆောက်ကိုသွားမယ့် မြန်မာအလုပ်သမား ၄ ဦးပါ မှန်လုံကားတစ်စီး မတော်တဆတိုက်မိလို့ မြန်မာအမျိုးသမီး ၁ဦး သေဆုံးခဲ့ပါတယ် ။
ကိုးကား - http://www.dailynews.co.th/regional/547664