Home
မြန်မာသတင်း
ရဲဘော်မင်းဌေး အမြန်ဆုံးလွှတ်ပေးရန် အေဘီအက်စ်ဒီအက်ဖ် တောင်းဆို
DVB
·
January 8, 2017
လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးတို့ကို အထောက်အကူပြုနိုင်ဖို့ ရဲဘော် မင်းဌေးကို အမြန်ဆုံးလွှတ်ပေးပါလို့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကျောင်းသားတပ်မတော်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ရဲဘော်မင်းဌေးဟာ မတရားအသင်းအဖြစ် တရားဝင် သတ်မှတ်ထားတဲ့ ကေအိုင်အိုအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက ပြောဆိုထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ အေဘီအက်စ်ဒီအက်ဖ်ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ရဲဘော်မင်းဌေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောဆိုလိုက်ပြီး မတရားအသင်းဆက်သွယ်မှုနဲ့ တရားမစွဲသင့်ဘူးလို့ ပြောပါတယ်။ “နိုင်ငံရေးကိစ္စဖြစ်နေတော့ နိုင်ငံရေးဆန်မှုအပေါ် မူတည်တာပေါ့။ အကြောင်းပြမယ်ဆိုရင် အကြောင်းပြစရာတွေ အများကြီး ဖြစ်နေမှာပေါ့။ အပစ်အခတ်ရပ်စဲရေးလုပ်ကတည်းက ကျနော်တို့ အစိုးရနဲ့ စစ်တပ်နဲ့ ညှိထားပြီးသား၊ အေဘီအက်စ်ဒီအက်ဖ်ရဲ့ တည်ရှိမှုကို အသေအချာ ပြောထားပြီးသားပဲ။ ၁၇ (၁)နဲ့ အရေးယူရမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ကေအိုင်အေကို ဆက်သွယ်လို့ အရေးယူရမယ်ဆိုရင် နောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ရဲဘော်အားလုံးကို အဲ့ဒီလို အရေးယူမလား မေးခွန်းထုတ်စရာ ရှိတယ်။” ရဲဘော်မင်းဌေးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်နေပြီး လက်ရှိ ဗန်းမော်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့လည်း ပြောပါတယ်။ အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်းတာဝန်ခံ ရဲဘော်မင်းဌေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဗန်းမော်နဲ့ လွယ်ဂျယ်အကြားရှိ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်တပ်က ဖမ်းခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024