Home မြန်မာသတင်း ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ကျင်းပမည်
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ကျင်းပမည်
ပီတာအောင်
·
November 28, 2011
aids world_aids_day_2010 ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်အပြင် ပြည်နယ်နဲ့တိုင်းအသီးသီးက ရုံးတွေမှာပါ တချိန်တည်းတပြိုင်တည်း ကျင်းပဖို့စီစဉ်နေပါတယ်။
ဒီနှစ်မှာ ထူးထူးခြားခြား အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ တေးသီချင်းခွေ တခွေပါ ဖြန့်ချိမယ်လို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် မဖြူဖြူသင်းက ပြောပါတယ်။
“ဒီနှစ်ထူးခြားတာတော့ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ သီချင်းခွေလေး တခွေကို ပြည်တွင်းမှာ ရှိနေတဲ့ အဆိုတော်တွေကနေ မေတ္တာလက်ဆောင်နဲ့ သီဆိုပေးထားတဲ့ အခွေလေးတစ်ခွေ ထွက်မယ်။ သီချင်းခွေကတော့ နာမည်မပေးထားဘူး။ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား သီချင်းခွေလို့ပဲ ပေးထားတယ်။ အထိမ်းအမှတ်အနေနဲ့ သီချင်းခွေထုတ်သလို ပြက္ခဒိန်တခုလည်း ထုတ်ဖြစ်တယ်။ အန်တီ့ပုံနဲ့ပဲပေါ့။”
ဒီအခွေမှာ တေးရေး ကိုရဲလွင်၊ တေးသံရှင် ရင်ဂို၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ဇေယျာသော်တို့ ရေးသားသီဆိုထားတဲ့ တေးသီချင်းပေါင်း ၁၇ ပုဒ် ပါဝင်မယ်လို့သိရပါတယ်။
အခမ်အနားမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ဆေးဝါးနဲ့ အာဟာရအကူအညီ ပေးအပ်မယ့်အပြင် ဂီတဖျော်ဖြေပွဲတွေ လုပ်မယ့်အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။
အဖွဲ့ချုပ်မှာကျင်းပမယ့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ပြီး ရန်ကုန်မြို့ ဒဂုံတောင်မှာ ဖွင့်လှစ်ထားတဲ့ အိပ်ခ်ျအိုင်ဗွီကူညီစောင့်ရှောက်ရေး ဂေဟာကို သွားမယ်လို့သတင်းတွေထွက်နေပေမယ့် မသေချာသေးဘူးလို့မဖြူဖြူသင်းက ပြောပါတယ်။
အလားတူ နေပြည်တော်မှာလည်း အစိုးရက ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို ကျင်းပဖို့ရှိနေပြီး ရန်ကုန်မြို့ ယုဒသန်ရိပ်သာမှာတော့ ဒီဇင်ဘာ ၃ ရက်နေ့မှာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသူတွေနဲ့ဖွဲ့ထားတဲ့ မြန်မာပေါ့စတစ် အုပ်စုအပါအဝင် အိပ်ခ်ျအိုင်ဗွီ အရေးဆောင်ရွက်နေတဲ့အဖွဲ့ ၇ ဖွဲ့ပေါင်းပြီး ရန်ပုံငွေဈေးရောင်းပွဲနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းများ