အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီအနေနဲ့ ပါတီထူထောင်ခွင့် ရရှိပြီးရင် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် အောင်နိုင်ရေး ဗဟိုကော်မတီနဲ့ အောင်နိုင်ရေး ဆပ်ကော်မတီ အသီသီးကို ဖွဲ့စည်းလိုက်ပါတယ်။
ဗဟိုကော်မတီမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး ပါဝင်မယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ ပါတီတံဆိပ်၊ အလံနဲ့ အမှတ်တံဆိပ်တွေကို အဆင်သင့် ပြင်ဆင်ထားကြဖို့၊ ပါတီမှတ်ပုံတင်ပြီးတဲ့အခါ အဖွဲ့ဝင်သစ်တွေ စုဆောင်းဖို့ ဘယ်လိုစည်းရုံး ဆောင်ရွက်သွားကြမယ်ဆိုတာတွေ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဖွဲ့ချုပ် အောင်နိုင်ရေး ဆပ်ကော်မတီ ဖွဲ့စည်းထားပုံတွေကို ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။
“ကျနော်တို့ သီးခြားဆပ်ကော်မတီအနေနဲ့တော့ သတင်းနဲ့ စာစောင်ထုတ်ဝေရေး ဆပ်ကော်မတီပေါ့၊ နောက် ဂီတဆပ်ကော်မတီ၊ မဲဆွယ်တယ်။ ဟောပြောမယ့် ဆပ်ကော်မတီပါတယ်။ နောက် ဘဏ္ဍာရှာကြံရေး ကော်မတီပါတယ်။ စာရင်းစစ်အဖွဲ့၊ နောက်ဥပဒေ အထောက်အကူအဖွဲ့ ပါတယ်။ ၆ ခု ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီထဲမှာ အဖွဲ့ခေါင်းဆောင်တွေကတော့ သတင်း၊ ပြန်ကြားနဲ့ စာစောင်ထုတ်ဝေရေးက ဦးဝင်းတင်ပါ။ နောက် ဘဏ္ဍာရေးကော်မတီက ဦးဟံသာမြင့်ပါ။ ဂီတကော်မတီကတော့ ဦးစိုးဝင်း၊ စာရင်းစစ်ကတော့ ဦးသိန်းဦးပါ။ ဗဟိုဥပဒေ အထောက်အကူပြုကတော့ ဒုဥက္ကဋ္ဌ ဦးတင်ဦးပါ။ မဲဆွယ်ကော်မတီမှာ ဟောပြောကော်မတီက ကျနော် (ဦးအုန်းကြိုင်) ပါပါတယ်။”
အဖွဲ့ချုပ်အနေနဲ့ ပါတီအလံနဲ့ တံဆိပ်တို့ကို အခုအတိုင်းပဲ ထားရှိဖို့ များတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထူထောင်ခွင့်ကို နိုဝင်ဘာ၂၅ရက်က နေပြည်တော်ကော်မရှင်ထံ တင်ပြထားပြီးဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နောက်သုံးလအတွင်း ကြားဖြတ် ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ နိုဝင်ဘာ ၂၅ ရက်က ပြည်တွင်းသတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။