အမေရိကန်နှင့် မြန်မာ အကျိုးစီးပွားချင်း တွေ့ဆုံကြလေသောအခါ
နေသွင်
·
November 28, 2011
(David I Steinberg ၏ US-Myanmar: A convergence of interests) ကို နေသွင် ဘာသာပြန်ဆိုသည်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် (Hillary Clinton) ဒီဇင်ဘာလထဲမှာ မြန်မာပြည်သွားမယ်ဆိုတဲ့ ကြေညာချက်ကို သမ္မတ အိုဘားမား (Obama) အစိုးရရဲ့ ရဲဝံ့တဲ့ ခြေလှမ်းဖြစ်လို့ ကြိုဆိုပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် နှစ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို နှစ်ဘက်စလုံး ပိုသိလာတာ၊ ပိုပြီး စိတ်အား ထက်သန်လာတာရဲ့ အသီးအပွင့်ဖြစ်ပါတယ်။ သမ္မတ အိုဘားမား အာဏာရလာတဲ့ အချိန်တုန်းက သမ္မတဟောင်းတွေဖြစ်တဲ့ ဘေးလ်ကလင်တန်-ဂျော့ဒဗလျူဘုရှ် (Bill Clinton-George W Bush policy) တို့ရဲ့ မူလပေါ်လစီဖြစ်တဲ့ မြန်မာပြည်မှာ အစိုးရဖြုတ်ချရေး (Regime Change) ဆိုတဲ့ မူဝါဒကို အမွေ ဆက်ခံခဲ့ရပါတယ်။ နောက်တော့ အိုဘားမားအစိုးရက အဲဒီ ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကောင်းဖို့၊ အရင်က အထီးကျန်ခဲ့တဲ့ နိုင်ငံကို စေ့စပ်ဆွေးနွေးတဲ့ လမ်းကြောင်းကနေ အပြောင်းအလဲတွေဖြစ်အောင် တိုက်တွန်းဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးကလည်း အရိပ်နိမိတ်တွေပြခဲ့ပါတယ်။ အမေရိကန်က အလတ်တန်း သံတမန်တွေကို မြန်မာအစိုးရ ဝန်ကြီးအဖွဲ့ဝင်တွေအဆင့်က ပထမဆုံးအနေနဲ့ လက်ခံတွေ့ခဲ့ပါတယ်။ အမေရိကန်ကလည်း မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး (ASEAN Treaty of Amity and Cooperation) စာချုပ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ အာဆီယံမှာ မြန်မာအဖွဲ့ဝင်ဖြစ်လာတဲ့ ၁၉၉၇ ခုနှစ်စလို့ ချစ်ကြည်ရေးစာချုပ်ကို အမေရိကန်က လက်မှတ်မထိုးခဲ့ပါဘူး။
ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အမေရိကန်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ကနေ လွတ်လာ တာကို မြင်ချင်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာကို မြင်ချင် တယ်၊ ဒီလိုပဲ မြန်မာအစိုးရကဘက်လည်း အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းစေချင်နေပါတယ်။
အပြစ်အနာဆာတွေနဲ့ ပြည့်နေပေမယ့် ထူးထူးခြားခြားလို့ ဆိုရမယ့် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ် နွေဦးမှာ မြန်မာပြည်မှာ အရပ်သား အစိုးရသစ် တက်လာပါတယ်။ အဲဒီနောက်မှာ စစ်အစိုးရလက်ထက်က ဝန်ကြီးချုပ်ဘဝကနေ သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ မြန်မာပြည်မှာ နောက်ဆုံး အရပ်သားအစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ရာစုနှစ်ဝက်အတွင်းမှာ မကြုံစဖူးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စလုပ်ပါတယ်။ ဝေဖန်သူတွေကတော့ ဒါမျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးတာပဲ၊ ပြီးတော့လည်း ဘာမှမထူး၊ ဒုံရင်းဒုံရင်း အတိုင်းပါပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ အပြောင်းအလဲတွေရဲ့ အကျယ်အဝန်းဟာ အရင်နဲ့ မတူပါဘူး။ လူမှုရေးကဏ္ဍကို လျစ်လျူရှုထားတာ၊ ဆင်းရဲမွဲတေမှု၊ အဂတိ လိုက်စားမှုကိစ္စတွေကို သမ္မတကိုယ်တိုင် ဝန်ခံတာကနေ၊ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေးလိုက်တာ၊ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာ၊ ပိုပြီး လွတ်လပ်တဲ့ အလုပ်သမားဥပဒေသစ်ပြဋ္ဌာန်းလိုက်တာ၊ စာပေစိစစ်ရေးမှာ တင်းကျပ်မှုတွေ လျှော့ပေးလိုက်တာ၊ အရင်က အတိုက်အခံတွေကို လက်ကမ်းလာတာ စတာတွေ ဖြစ်ပါတယ်။ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဝင်ပြီး ပါလီမန်ထဲ ဝင်ခွင့်ရအောင် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ပြင်ဆင်လိုက်ပါတယ်။
ဝေဖန်သူတွေကတော့ ဒါတွေ အခုမှ ဘာလို့ ပြောင်းရတာလဲလို့ မေးခွန်း ထုတ်ကြပါတယ်။ ပြောနိုင်တာတခုကတော့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူးကို ရဖို့ ကိစ္စမှာ စောစောက အပြောင်းအလဲတွေဟာ အနည်းဆုံး တစိတ်တပိုင်းအားဖြင့်တော့ ပတ်သက်နေနိုင်ပါတယ်။ မကြာခင်တုန်းကပဲ အာဆီယံ ဥက္ကဋ္ဌနေရာကို မြန်မာအစိုးရကို ပေးဖို့ တရားဝင်သဘောတူလိုက်ပါပြီ။ နောက်တချက်ကလည်း တရုတ်နိုင်ငံကို အလွန်အကျွံမှီခိုနေရတာကို ချိန်ခွင်လျှာညှိချင်လို့ အမေရိကန် အစိုးရနဲ့ ဆက်ဆံရေးပိုကောင်းအောင်လုပ်ဖို့ ဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။
အငြင်းပွားဖွယ် ကချင်ပြည်နယ်က တရုတ်ရဲ့ မြစ်ဆုံရေကာတာ ကိစ္စမှာလည်း ပြည်သူ့ဆန္ဒအတိုင်း ရပ်ဆိုင်းထားလိုက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်တာကလည်း မြန်မာပြည်ရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ ချိန်ခွင်လျှာညှိဖို့ အမေရိကန်ကို လမ်းဖွင့် အချက်ပြလိုက်တဲ့ သဘော ဖြစ်နိုင်ပါတယ်။ ဒါဟာ မြန်မာပြည် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ရှိခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ ဝိသေသလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို အပြင် မီဒီယာတွေက ဘယ်လိုပဲ အနုတ်လက္ခဏာပုံပေါ် နေပေမယ့် အမှန်တကယ်က အတော်မျိုးချစ်စိတ်ရှိပြီး သူတပါးရဲ့ နယ်ရုပ်ဘဝရောက်မှာ၊ တိုင်းပြည် သူတပါးလက်အောက်ခံဖြစ်မှာမျိုးကို သူတို့ မလိုလားပါဘူး။ အစိုးရဟာ အာဆီယံသာမက အာဆီယံနယ်နိမိတ်ရဲ့ အပြင်ဘက်က အရှေ့နဲ့ အရှေ့တောင်အာရှတကျောမှာ တရားဝင်မှုရဖို့ ကြိုးစားနေပါတယ်။
အကြောင်းနှစ်ချက်ကို ထောက်ပြီး အိုဘာမားအစိုးရရဲ့ ခြေလှမ်းသစ်ဟာ နိုင်ငံရေးအရ လာဘ်မြင်တဲ့ ခြေလှမ်းလို့ ပြောနိုင်ပါတယ်။ အမေရိကန်အစိုးရဟာ အပေါင်းလက္ခဏာ အပြောင်းအလဲတွေအပေါ် အလေးအနက် ထောက်ခံကြောင်း မြန်မာအစိုးရကို ပြသသလို တဖက်ကလည်း နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ဖို့ တောင်းဆိုနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲမှု တွေကြောင့် ကမ္ဘာ့ဇာတ်ခုံမှာလည်း အကျိုးရလဒ်တွေ ရှိနေပြီဆိုတာကို ပြသရာ ရောက်ပြီး သူတို့အချင်းချင်းကြားမှာပဲ အတိုက်အခံပြုတာကိုခံနေရတဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေကို နေရာပိုရလာအောင် အားပေးရာ ရောက်ပါတယ်။
အခုထိ ခရီးရောက်နေပြီးသား အပြောင်းအလဲတွေကိုလည်း နောက်ပြန်လှည့်ဖို့ ခက်သွားစေမှာဖြစ်ပါတယ်။ အိုဘားမား ပေါ်လစီက နှံ့နှံ့စပ်စပ် လေ့လာ သုံးသပ်ပြီးတဲ့နောက်မှာ စေ့စပ်ဆွေးနွေးရေးကို မြှင့်တင်၊ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်ထား ဆိုတဲ့ လက်တွေ့ကျတဲ့ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို ရွေးခဲ့ပါတယ်။ ဒီမူဝါဒကို လက်တွေ့ကျတယ်လို့ ပြောနိုင်တဲ့အကြောင်းက အမေရိကန် နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရက်ရော၊ ရီပက်ဘလစ်ကန်ရော ပါတီနှစ်ရပ်စလုံး အားကောင်းကောင်းနဲ့ ထောက်ခံသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒဏ်ခတ်ပိတ်ဆို့ရေးပေါ်လစီကို ဆက်ထောက်ခံထားတာကြောင့် ဖြစ်ပါတယ်။
လက်ရှိ ခြေလှမ်းသစ်နဲ့ပဲ အိုဘားမားအစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်ထားပေမယ့် အခိုက်အတန့်အားဖြင့် ဘေးဖယ်ထားပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ နောက်ထပ်တဆင့်ကို တက်လှမ်းလာနိုင်တယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာပြည်ခရီးကို သဘောတူညီမှုပေးခဲ့ပါတယ်။
တကယ်တော့ မြန်မာပြည်မှာ အရေးကြီးတဲ့ လက်ရှိအခြေအနေသစ်ကို ရောက်လာဖို့ ရာစုနှစ်တဝက်လောက် ကြာခဲ့ပါတယ်။ ဟိုတချိန်တည်းကတော့ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး၊ အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်လာမယ်လို့ လူတွေ တွေးထင်ခဲ့ကြပါတယ်။ အဲဒီအစား ဆယ်စုနှစ် ၅ စုစာ စစ်တပ်က ဆက်တိုက်အုပ်ချုပ်ခဲ့ပြီး မြန်မာပြည်ဟာလည်း အဆင်းရဲဆုံးတိုင်းပြည် ဘဝ ရောက်ခဲ့ရပါတယ်။
အမေရိကန်အစိုးရဘက်က ကြည့်ရင်တော့ မြန်မာပြည်ကို အထီးကျန်ထားပြီး အစိုးရအပြောင်းအလဲတောင်းဆိုတာဟာ အလုပ်မဖြစ်ဘူးဆိုတာကို သိလာဖို့ နှစ်ပေါင်း နှစ်ဆယ်ကြာ အချိန်ကုန်ခဲ့ပါတယ်။ တကယ်တော့ နှစ်နိုင်ငံကြားမှာ အကျိုးစီးပွားချင်း အပြန်အလှန် ဆက်စပ်နေမှုဟာ အခုအသိ အမှတ်ပြုလာတာထက်တောင် ပိုပါတယ်။ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဒီအဆက်အစပ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါကြောင့် လက်ရှိ ခြေလှမ်းသစ်တွေကနေ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်လာပြီး မြန်မာပြည်က ဆင်းရဲမွဲတေတဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာဖို့ကိုပဲ မျှော်လင့်နေပါတယ်။
(ဆောင်းပါးရှင် David I Steinberg ဒေးဗစ်စတိန်းဗက်သည် Georgetown University ဂျော့ခ်ျ တောင်း တက္ကသိုလ်မှ ထင်ရှားသော ပါမောက္ခဖြစ်ပြီး၊ ဤဆောင်းပါး (US-Myanmar: A convergence of interests) ကို အေရှားတိုမ်းအွန်လိုင်း Asia Times Online တွင် ဖော်ပြခဲ့ပါသည်)