Home
မြန်မာသတင်း
အန်အယ်လ်ဒီ တိုင်ကြားစာဌာနသို့ ၁ နှစ်တွင်း တိုင်စာ ၂၀၀ ကျော် လက်ခံရရှိ
ပိုင်စိုး
·
January 6, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်ကြားစာဌာနကို တနှစ်အတွင်း စာပေါင်း ၂၀၀ ကျော် ရောက်ရှိခဲ့ပြီး အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်နေတယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ သူရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားနိုင်ဖို့ ဌာနတခု ဖွင့်လှစ် လက်ခံနေပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ ရှိခဲ့တယ်လို့ ဌာနတာဝန်ရှိသူက ပြောပါတယ်။ “ဌာန စဖွင့်တဲ့အချိန်ကနေ နှစ်ကုန်အထိ စာပေါင်း ၂၂၀ ရခဲ့ပါတယ်။ အဲဒီထဲမှာ ဌာနနဲ့ သက်ဆိုင်ခြင်း မရှိတဲ့စာ၊ အကြံပြုစာလိုမျိုးက ၆၀ လောက်ရှိပါတယ်” လို့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ် တိုင်ကြားစာဌာနရဲ့ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ တိုင်ကြားသူလက်မှတ် မပါတာ၊ အချက်အလက် မပါတာမျိုးက ၁၀ စောင်လောက်ရှိပါတယ်။ အခုအချိန်ထိ စစ်ဆေးပြီးတာက အစောင် ၈၀ ကျော် ရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတော့ ၆၈ စောင် တင်ပြပြီးသွားပြီလို့လည်း ဒေါက်တာမျိုးညွန့်က ဆက်ပြောပါတယ်။ “တချို့ဆို ၃ ကြိမ်၊ ၄ ကြိမ်တောင် ပြန်တိုင်ခံရတာ ရှိတယ်။ ဒေသခံ အလုပ်အမှုဆောင်အဖွဲ့က တင်ပြလိုက်တာ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပူးပေါင်းဆောင်ရွက်တာ အားနည်းလို့ တိုင်ခံရတာ အများဆုံး ဖြစ်ပါတယ်။ တချို့ဆို အုပ်ချုပ်ရေးမှူးတွေကပါ တိုင်ကြားလာတာ တွေ ရှိပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းကနေ တိုင်ကြားစာ ရောက်ရှိလာတာ အများဆုံးဖြစ်ပြီး သွားလာရေး လွယ်ကူတဲ့နေရာတွေက တိုင်တာအများဆုံး ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အမတ်တွေက တိုင်ကြားအခံရဆုံးသူတွေ ဖြစ်ပြီး မကြာခင်ကပဲ ပြည်နယ်ဝန်ကြီးချုပ် တယောက်နဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့လည်း တိုင်ကြားခံခဲ့ရပါသေးတယ်။ ကော်မတီအနေနဲ့ တိုင်ကြားလာသူနဲ့ သက်သေတွေကို ခေါ်ယူတွေ့ဆုံပြီး မှန်ကန်တယ်ဆိုရင် တိုင်ကြားခံရသူကိုလည်း ခေါ်ယူရှင်းလင်းခိုင်းပါတယ်။ ပြီးတော့ မှတ်ချက်နဲ့ ဗဟိုအလုပ်အမှုဆောင်ကို ဆက်ပြီး တင်ပြတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၈၈၆ ယောက်အနိုင်ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024