Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ခြင်းမရှိဟု အစိုးရငြင်းဆို
DVB
·
January 6, 2017
မြန်မာရေတပ်က ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် The Daily Star အွန်လိုင်းသတင်းမှာ ဒီဇင်ဘာ ၂၇ ရက် က ဘင်္ဂလားပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီးကို မြန်မာရေတပ် သင်္ဘောတစ်စီးကလိုက်လံ ပစ်ခတ်ခဲ့လို့ ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ရေးသားခဲ့တာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) သို့ ဆက်သွယ်စုံစမ်းခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို တပ်မတော် (ရေ) က ပစ်ခတ်ခဲ့တာမရှိဘူးလို့ သိရတဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိကတော့ ဘင်္ဂလားပင်လယ်အော်ထဲ နှစ်နိုင်ငံနယ်စပ်မှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၄ ယောက်ပါလာတဲ့ ငါးဖမ်းစက်လှေကို မြန်မာရေတပ်သင်္ဘောတစီးက သတိမပေးဘဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ယောက်ဟာ ခြေထောက်နဲ့ လက်တွေမှာ သေနတ်ဒဏ်ရာရပြီး ကော့်ဇ်ဘဇားမြို့က ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၉ ရက်က ဆင့်ခေါ်ကန့်ကွက်ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024