Home
မြန်မာသတင်း
စစ်ပွဲတွေရပ်တန့်ရန် ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး၌ ကချင်တိုင်းရင်းသားများ ဆန္ဒပြ
DVB
·
January 5, 2017
15894595_1053528871435771_5923686740415852267_n
15873126_1053528501435808_2266383686408849696_n
15871791_1053528744769117_8427875081512031266_n
15826391_1053528621435796_3631096079433318692_n
15822811_1053528658102459_8281339581858337600_n
15781563_1053528308102494_7102652993680182882_n
ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့ ကချင်တိုင်းရင်းသားတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးမှာ ဒီကနေ့ မနက်က သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ မြန်မာတပ်မတော်က ထိုးစစ်ဆင်နေတာတွေနဲ့ ဒုက္ခသည်စခန်းတွေကို လက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရပ်တန့်ဖို့ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပါတယ်လို့ ဆန္ဒပြ ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ နော်ခမ်းကပြောပါတယ်။ “တချို့လူတွေက ထင်ကောင်းထင်နိုင်တယ် သတင်းမီဒီယာတွေမှာ မတက်လာလို့ ထိုးစစ်လုံးဝ ရပ်သွားပြီလို့ ထင်နိုင်ပါတယ်။ ဆက်တိုက် ထိုးစစ်ဆင်နေတယ်။ လိုင်ဖောင်တောင် စခန်းသိမ်းပြီးတော့လည်း စစ်တပ်က ငါးကြံ့ဆိုတဲ့ လိုင်ဖောင် အထက်မှာရှိတဲ့ ကချင်တော်လှန်ရေးတပ်ကို ဆက်ပြီး ထိုးစစ်ဆင်နေတာပါ။ အဲဒီဟာတွေ အားလုံးရပ်တန့်ဖို့ တောင်းဆိုပါတယ်။ နောက်တခုက ကချင်ဒုက္ခသည်စခန်းမှာလည်း အစိုးရစစ်တပ် တွေက လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ဒုက္ခသည်တွေကို လက်နက်ကြီးနဲ့ ပစ်တာရပ်ပြီး အကူအညီတွေပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းနေပြီလိုဆိုနေပေမယ့် တိုင်းရင်းသားတွေအပေါ် ထိုးစစ်မရပ်ဘဲ စခန်းသိမ်းတိုက်ပွဲ ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်းနဲ့ စစ်ရှောင်ဒုက္ခသည် တွေကိုအဟန့်အတားမရှိ နိုင်ငံတာကာရဲ့ အကူအညီထောက်ပံ့ အပြည့်အဝပေးဖို့လည်း ချင်းမိုင်ရောက် ကချင်တွေက တောင်းဆိုပါတယ်။ “ရှမ်းပြည်မြောက်ပိုင်း မုံးကိုးစစ်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ မြန်စစ်တပ်တွေကနေရာပြန်ယူလာနေပါတယ်။ ပြီးတော့ပြည်သူတွေကို သတ်ဖြတ်တာတွေလည်း ရှိနေတယ်။ အသင်းအုပ်တပါးနဲ့ သင်းထောက် တပါးလည်း ပျောက်နေပါတယ်။ ဒါတွေကို အစိုးရက ဖော်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ” ဆန္ဒပြပွဲမှာပါဝင်သူ ကိုခါလီကလည်း “ကျနော်တို့ရဲ့ အမျိုးတွေ သွေးချင်း ကချင်လူမျိုးတွေ အေးစက်တဲ့ နှင်းတွေအကြားမှာနဲ့ ကြီးမားတဲ့ လက်နက်ကြီးဒဏ်တွေအကြားမှာ အသက်ရှင်နေထိုင်တာ ထက်စာရင် ကျနော်သူတို့အတွက် ဒီထက်မက ပါဝင်ဆောင်ရွင်သင့်ပါတယ်” လို့ ပြောပါတယ်။ အစိုးရစစ်တပ်ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ချက်ချင်းရပ်ဖို့၊ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို ပရမ်းပတာပစ်ခတ်တာ၊ မုံးကိုးဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်းရပ်ပေးဖို့နဲ့ ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူထုတွေက ဒီကနေ့ ဆန္ဒပြပွဲမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ဒီကြေညာချက်နဲ့ တောင်းဆိုချက်တွေကို မြန်မာကောင်စစ်ဝန်ရုံးအနေနဲ့ လက်ခံပေးဖို့ ကချင်တိုင်းရင်းသားတွေက တောင်းဆိုခဲ့ပေမယ့် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက လက်ခံရယူခဲ့ခြင်းမရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024