ထိုင်းအရှေ့တောင်ပိုင်းတွင် ယာဉ် ၂ စီးတိုက်ပြီး ခရီးသည်အနည်းဆုံး ၂၆ ဦးသေဆုံး
DVB
·
January 2, 2017
ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဘန့်ပိန်မြို့နယ်ထဲမှာ ဒီကနေ့ မွန်းလွဲ က ခရီးသည်တင်မှန်လုံကားတစ်စီးနဲ့ ပစ်ကပ်ကားတစ်စီးတို့ တိုက်မိပြီး စုစုပေါင်းလူအနည်းဆုံး ၂၆ ဦးသေဆုံးသွားတယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာဖော်ပြပါတယ်။
ခရီးသည်အပြည့်တင်ဆောင်လာတဲ့ မှန်လုံကားတစ်စီးဟာ ကျန်ထပူရီခရိုင်မှ ဘန်ကောက်သို့ ဦးတည်မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာနေရာနားအရောက်မှာ အရှေ့ကမောင်းလာတဲ့ လူ ၁၀ ဦးပါ အီဇူးဇူးမိုက်ဟိုင်းလပ်ကားနဲ့ အရှိန်ပြင်းစွာ တိုက်မိပြီး ကား ၂ စီးလုံးမီးလောင်သွားတယ်လို့ ဘန်ပိန်ရဲစခန်းတာဝန်ရှိသူ က သတင်းထောက်တွေကို ပြောပါတယ်။
မီးသတ်ကား ၃ စီးနဲ့ မီးငြိမ်းအပြီး မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးသူတွေကို သယ်ထုတ်ခဲ့ကြောင်း၊ ကားတိုက်ရခြင်းအကြောင်းရင်းမှာ ခရီးသည်တင်မှန်လုံကားမောင်းသူဘက်မှ အိပ်ငိုက်လို့ ဖြစ်သွားရတာလို့ ကနဦးသုံးသပ်ပြီး ဆက်လက်စစ်ဆေးသွားမယ်လို့ ရဲစခန်းက ပြောပါတယ်။
ဓာတ်ပုံ - Nation Photo