တာဝေးပစ် နျူကလီးယားဒုံးကျည် အောင်မြင်ရန် နီးစပ်နေပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံကို နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယား တာဝေးပစ် နျူကလီးယားဒုံးကျည်ဟာ အောင်မြင်ဖို့ နီးစပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးလက်နက်စမ်းသပ်မှုတွေ ဆက်တိုက်အောင်မြင်နေတယ်လို့ မကြာခင်ကပဲ မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့တာပါ။ ကုလသမဂ္ဂအဖွဲ့ကြီးက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ၊ ဒုံးလက်နက်တွေ မထုတ်လုပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တားမြစ်ပိတ်ပင်ထားတာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဗုံး ၂ ကြိမ် စမ်းသပ်ဖောက်ခွဲခဲ့ပြီး တလုံးဟာ စမ်းသပ်ခဲ့သမျှ အင်အားအပြင်းဆုံး ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ချင်းပစ် အဆင့်မြင့်ဒုံးကျည်ဟာ စမ်းသပ်မှုအောင်မြင်နေပြီး နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ကင်ဂျုံအန်းက သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားကသာ အခုလိုပြောဆိုနေပေမယ့် တကယ်တမ်း ဒုံးကျည်တွေ ပစ်မှတ်ကို သွားရောက်တဲ့ နောက်ဆုံးအဆင့် ဒုံးကျည်နည်းပညာပိုင်းမှာ အများကြီး လိုအပ်နေသေးတယ်လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူတွေက  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up