မြောက်ဦးယဉ်ကျေးမှုဇုန်တွင် မူးယစ် ပျော်ပါး ကခုန်သူများကို အရေးယူမည်
DVB
·
December 31, 2016
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုဇုန် နေရာတွေမှာ သောက်စား မူးယစ်ကာ ကခုန်ပျော်ပါးသူတွေကို အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအစည်းအဝေးကို မြောက်ဦးမြို့၊ သျှစ်သောင်းသိမ်တော်မှာ ယဉ်ကျေးမှုဇုန် ဂေါပကအဖွဲ့ အပါအဝင် ရှေးဟောင်းသုတေသနဌာနအဖွဲ့၊ ရပ်မိရပ်ဖတွေ၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ လူငယ်အသင်းအဖွဲ့တွေ စုပေါင်းပြုလုပ်ခဲ့တာပါ။
“ဘုရားရှေ့ စေတီပုထိုးတွေရှေ့မှာ အဲဒီလိုတွေ မြင်ရတာကတော့ အရမ်းကို အရုပ်ဆိုး အကျည်းတန်တယ်။ ဘော်ဒါဆောင်တွေက ကျောင်းသားတွေ အရက်ပုလင်းတွေ ကိုင်ပြီးတော့ ကခုန်ကြတယ်။ လူတွေ အမြင်မကောင်းလောက်အောင် မိန်းကလေးတွေအစ ကခုန်မြူးနေကြတာ။ သာသနာ့အလံတွေထောင်ပြီးတော့ ကားခေါင်မိုးပေါ်မှာ အရက်ပုလင်းတွေ ကိုင်ပြီးတော့ ကခုန်ကြတယ်။ နိုင်ငံခြားသီချင်းတွေကို ဆောင်းဘောက်တွေနဲ့ အသားကုန်ဖွင့်ပြီးတော့ ကခုန်ကြတယ်။ ရူးရူးမူးမူးနဲ့ မိန်းကလေးတွေအစ ကခုန်နေတာတွေ ဒီဘုရားရှေ့ စေတီပုထိုးတွေရှေ့မှာ မြင်ရတာကတော့ အရမ်းကို အရုပ်ဆိုး အကျည်းတန်တယ်” လို့ ကော်မတီဝင်တဦးဖြစ်တဲ့ မြောက်ဦးမြို့မှ တက်ကြွလှုပ်ရှားသူ ကိုထွန်းနီဝင်းက ဒီဗွီဘီကို ပြောပါတယ်။
အခုလို သရုပ်ပျက်ကခုန်မှု၊ အရက်သေစာသောက်မှုတွေ ပြုလုပ်သူတွေကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးက အဲ့ဒီအစည်းအဝေးမှာ ပြောပါတယ်။
“ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျင်းပမယ့် မြောက်ဦးမြို့လုံးကျွတ် အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်။ လောလောဆယ်မှာ အခု ကျနော်တို့ ဘုရား၊ ပုထိုး ဧရိယာအတွင်းမှာ စာတွေ၊ ဗီနိုင်းတွေ ကပ်ထားပြီ။ သောက်စားမူးယစ်ပြီး လာတဲ့ကားတွေ၊ ကျောင်းသားတွေ၊ အဖွဲ့တွေကို တားမြစ်မယ်။ တရားဓမ္မလုပ်ဆောင်နေသူတွေ၊ ဘုရားဖူးခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေမယ့် အလုပ်မျိုးတော့ ဟန့်တားသွားမှာဖြစ်ပါတယ်။ အရေးယူဖို့ အပိုင်းကတော့ လာမယ့် မြို့လုံးကျွတ်အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာပါ။”
လွန်ခဲ့တဲ့သီတင်းပတ်က ဘော်ဒါဆောင် ကျောင်းသူ ကျောင်းသားတချို့က မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် နေရာတွေမှာ သောက်စား၊ မူးယစ်၊ ဆောင်းဘောက်တွေဖွင့်ပြီး ကခုန်၊ ပျော်ပါးခဲ့တာကြောင့် ဝေဖန်မှုတွေ များစွာထွက်ပေါ်ခဲ့တာပါ။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ထွန်းနီဝင်း