Home
ဆောင်းပါး
ရောမမြို့မီးလောင်နေစဉ် စောင်းတီးသူက ကျမများလား
DVB
·
December 31, 2016
မနက်ဖြန်ဆိုရင် ၂၀၁၇ ဆိုတဲ့ နှစ်သစ်ကိုကြိုမယ့် နေ့ထူးလေးတနေ့ကို ရောက်ရှိတော့မယ်။ နှစ်သစ်ကူးကို ဘယ်လိုခံယူချက်၊ ခံစားချက်တွေနဲ့ ဖြတ်သန်းမလဲ။ ခါတိုင်းလိုပဲ နှစ်သစ်ကူးဆိုတာ ပုံမှန်လည်ပတ်နေတဲ့ အချိန်မှန် ဇယားတခုပဲဖြစ်တော့ ထူးထွေ ခံစားချက်တွေမပါဘဲ ဖြတ်သန်းမလား။ ၂၀၁၇ အတွက် ကျမမှာ ထူးခြားတဲ့ မျှော်လင့်ချက်တွေများ ထားရှိမိနေသလား။ ဒီလိုစဉ်းစားချက်တွေ များစွာနဲ့ ကျမ နေ့တွေ ညတွေကို ဖြတ်သန်းနေတယ်။ ၂၀၁၁ ကတည်းက ပြည်သူတွေဘဝ အေးချမ်းလုံခြုံမှုကို သယ်ဆောင်ပေးနိုင်မယ့် အပြောင်းအလဲတခုကို မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် မယုံရဲခဲ့ဘူး။ ကျမ ဘဝတလျှောက်လုံးမှာ လူလိမ်၊ လူကောက်တွေနဲ့ အများကြီး မဖြတ်သန်းခဲ့ရဘူး။ ဘဝမှာ မချောမွေ့ခဲ့တာက စစ်ပွဲတွေကြောင့် အေးချမ်းလုံခြုံမှုမရှိတဲ့နေရာမှာ နေခဲ့ရတာတခုပဲ။ ကျမငယ်ဘဝ လေယဉ်ပျံတွေနဲ့ ဗုံးကြဲလို့ ချစ်ရတဲ့ မောင်လေးကို ရှာမတွေ့တော့လို့ ဖြူစင်တဲ့ရင်ဘက်တစုံ အပူတွေ စပြီး လောင်မြိုက်ခဲ့တယ်။ ဗုံးဆက်တိုက်ကြဲချနေလို့ ဘုရားစာကို မေ့တဲ့အထိ အကြောက်တရားတွေနဲ့ ဘုရားစာရွတ်နေတဲ့ အမိုးတယောက်ကိုကြည့်ပြီး ရယ်မောခဲ့တယ်။ ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲတွေကြောင့် သွေးတွေ တစက်စက်ယိုနေတဲ့ တော်လှန်ရေးရဲဘ်ာတွေကို ကြည့်ပြီး အခြေအနေတွေကို နားမလည်နိုင်ခဲ့ဘူး။ အဲဒီအချိန်ကစပြီး မီးပန်းဖောက်တာတောင် နှလုံးခုန်ရပ်တဲ့အထိ ကျမကြောက်နေခဲ့တယ်။ ဒါပေမယ့် ကျမဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝကို ကျမနှစ်ခြိုက်တယ်။ အသား၊ ငါး ပုံမှန်မစားခဲ့ရပေမယ့် ထမင်းကို ဝဝလင်လင်စားခဲ့ရလို့ ကျမ အဆင်ပြေခဲ့တယ်။ မကြေတကြေထောင်းထည့်ထားတဲ့ ငြုပ်သီးနဲ့ ငါးပိရည်ကျဲကျဲ၊ တောထဲကရှာလို့ရတဲ့ ငှက်ပျောရိုင်းအူ တို့စရာလေးနဲ့ စားလိုက်ရတဲ့ မနက်စာလေးကို ကျမ မမေ့သလို အေးချမ်းမှုတွေနဲ့အတူ လသာသာအောက်မှာ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ ထုပ်စည်းထိုးကစားခဲ့ရတာကိုလည်း ကျမ မမေ့ဘူး။ ဒီိလိုပဲ ဆောင်းတွင်းမှာ အအေးဒဏ်ကို မကာကွယ်ပေးနိုင်တဲ့ အကာအရန်ရှိတဲ့အိမ်လေးနဲ့ နေခဲ့ရပေမယ့် ကျမ မီးပုံရဲ့ အကာအကွယ်ကိုယူပြီး နွေးထွေးမှုကို ရယူနိုင်ခဲ့တယ်။ သူများလှူထားတဲ့ ဒုက္ခသည်စောင်လေးနဲ့ ကွေးလို့မှ အရိုးတွေကိုက်တဲ့အထိ ဆက်လက်အေးလာလို့ မီးပုံလေးဖိုပြီး ထမင်းကြမ်း မီးဖုတ်စားခဲ့ရတာကိုလည်း ကျမကလေးသဘာဝ ပျော်ရွှင်ခဲ့ရတယ်။ ပန်ကာဆိုတာ ရှိတယ်လို့ ကြားဖူးထားမှုမရှိတဲ့ ကျမ နွေရာသီမှာ ပူလွန်းလှတဲ့ အပူဒဏ်ကို အဝတ်ရေစွတ်ပြီး အေးနေအောင် ကျမ ဖန်တီးနိုင်ခဲ့တယ်။ မိုးတွင်းမှာလည်း မိုးရေတွေနဲ့အတူ အချို့ ခြောက်တဲ့ အဝတ်အစား၊ စောင်တွေကို အဖော်ပြုပြီး အိပ်စက်ရတဲ့ အရသာကို ကျမ ကြိုက်နှစ်သက်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောထဲမှာနေရတယ်ဆိုပေမယ့် မြန်မာနိုင်ငံကြီး တနေ့ငြိမ်းချမ်းရမယ်။ လွတ်လပ်တဲ့ဘဝတွေကို တို့တွေ အားလုံးပိုင်ဆိုင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်မိဘ၊ မောင်နှမတွေနဲ့ နေထိုင်ခဲ့ရတဲ့ ဘဝကို ကျမ မြတ်နိုးခဲ့ရတယ်။ ကျမ အမြဲတမ်း မမောတမ်း တိုင်တည်ပြောနေတဲ့ စကားတခွန်းရှိတယ်။ ကျမဟာ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့သူဖြစ်တယ်။ ကျမရဲ့တိုက်ပွဲဟာ လူ့အသက်တွေကို ဖဲ့ခြွေမယ့် အာဏာယစ်မူးတဲ့ သူတွေကိုင်တဲ့ လက်နက် ကျမဆီမှာမရှိဘူး။ ဒါပေမယ့် ကျမဆီမှာ ပင်လယ်ပြင်လို အဆုံးအစမဲ့တဲ့ ကြင်နာသနားမှုတွေရှိတယ်။ လူသားဆန်တဲ့ နှလုံးသားတစုံရှိတယ်။ ဒီ နှလုံးသားတစုံကို ပေးခဲ့တဲ့ မိခင် (ဒေါ်ထွန်းသွင် - ဘဝရဲ့ ဆင်းရဲခါးသီးမှုတွေကို ပွေ့ပိုက်ပြီး ဘဝတပါးကို ကူးပြောင်းသွားတဲ့ကျေးဇူးရှင်) ကို ကျေးဇူးတင်တယ်။ ဒီနှလုံးသားတစုံကို ကိုင်စွဲပြီး ကိုယ်လို ဒုက္ခဆင်းရဲတွေနဲ့ ဖြတ်သန်းနေရတဲ့ သူတွေကို အလုပ်အကျွေးပြုနိုင်ဖို့ လိုအပ်တဲ့ အင်အားတွေကို ဖြည့်ဆည်းပေးတဲ့ သူတွေအားလုံး (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ) ကို တန်ဖိုးထားတယ်။ အမှားအမှန် လူတွေရဲ့ ဘဝ အကွေ့အကောက်တွေကို နားလည်သဘောပေါက်အောင် အမြဲတမ်းပြောပြပေးခဲ့တဲ့ ကျမရဲ့ အဖေ (ဦးကြည်ဝင်း - ABSDF တပ်ရင်းမှူးဟောင်း) ကို ကျေးဇူးတင်သလို အဲဒီအချိန်တုန်းက အိပ်မက်အဖြစ်တောင် မက်ဖို့ အနေအထားမရှိတဲ့ အခြေအနေကို ကျော်လွန်ပြီး မျှော်လင့်ချက်တွေနဲ့ လက်ရှိဘဝကို ပိုင်ဆိုင်နိုင်ခွင့်ရှိအောင် တွန်းအားပေး တိုက်တွန်းပြီး လမ်းပြပေးခဲ့တဲ့ ကျမရဲ့ဆရာ (ဦးသန်းကျော်ဌေး) ကို ထာဝရ ကျေးဇူးတင်နေမိတယ်။ ဒီလိုခံယူချက်တွေ ခံစားချက်တွေကို သယ်ဆောင်လာတဲ့ကျမ အခုအချိန်မှာ ဘာကြောင့် စိတ်ဓတ်တွေ ကျလာရသလဲ။ စစ်ပြေငြိမ်းဖို့ ၁ နှစ်အတွင်းဖြစ်ရမယ်လို့ ပြောဆိုခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေးအကျိုးဆောင် ဝန်ကြီး ဦးအောင်မင်းပြောသလို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို ခံယူထားပေမယ့်၊ ဒီမိုကရေစီက ၃ လအတွင်းရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တောခိုလာတဲ့ ရိုးသားတဲ့ တော်လှန်ကျောင်းသားတွေကို သနားမိခဲ့ပေမယ့် စစ်ပြေငြိမ်းဖို့ စစ်တွေရပ်ဖို့ ဒီလောက်နှစ်တွေ ကြာလာလိမ့်မယ်လို့ ကျမ မမျှော်လင့်ထားခဲ့ဘူး။ လူထုအစိုးရ၊ ဒီမိုကရေစီအစိုးရလက်ထက်မှာ အခုလောက်ထိ စစ်ပွဲတွေ ပြင်းထန်လာမယ်လို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါနေတဲ့သူတွေ အဖမ်းခံလိုက်ရမယ်လို့လည်း မထင်ထားခဲ့ဘူး။ စစ်တပ်ရဲ့ သြဇာအာဏာ သက်ရောက်မှုကို အမြဲတမ်းသတိထားခဲ့ပေမယ့် ယနေ့အချိန်မှာ ဒီလောက်အထိဖြစ်လာခဲ့တာဟာ ကျမအတွက်တော့ အိပ်မက်တခုလို သဘောထားချင်ခဲ့မိတယ်။ ၂၀၁၄ ခုနှစ်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကျမ အများကြီးမျှော်လင့်ခဲ့တယ်။ ၂၀၁၅ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တွေ တန်ဖိုးထား ကြိုးစားတည်ဆောက်ခဲ့တဲ့ စုစည်းညီညွတ်မှု ပြိုပျက်ခဲ့တဲ့ နေ့လေးကို ကျမတို့ ဖြတ်သန်းခဲ့ရတယ်။ ဒီနောက်ပိုင်း ပြိုပျက်ခဲ့တဲ့ စုစည်းညီညွတ်မှုတခုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရင်းနဲ့ တဖြည်းဖြည်းနဲ့ ခိုင်မာတဲ့ အာဃာတထုထည်တွေအဖြစ် ဖြစ်လာနေတဲ့ အနေအထားတခုကို ကြည့်ပြီး တိုးတိတ်စွာ ဝမ်းနည်းကြေကွဲခဲ့ရတယ်။ တပြိုင်တည်းမှာပဲ ကျန်တဲ့သူကျန်၊ သေတဲ့သူတွေသေ၊ ဘာတခုမှ အပြစ်ကျူးလွန်ထားမှုမရှိဘဲ မတန်တဆ နာကျင်မှုတွေ၊ ခါးသည်းမှုတွေ၊ အကြောက်တရားတွေကို သယ်ဆောင်ပြီး လက်နက်စက်ကွင်းလွတ်ရာ ဗလာခြေတစုံကို အဖော်ပြုပြီး ပြေးလွှားနေရတဲ့ ထောင်သောင်းချီ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေကို ကြားသိရတော့ အောင့်နေတဲ့ ရင်ဘတ်ကို အသာဖိပြီး ငါဘာမှလည်း မလုပ်နိုင်ပါလား။ ဒီလိုအတွေးတွေကို အခါခါမြိုချပြီး တခြားနိုင်ငံရဲ့ အေးချမ်းမှုတွေကိုကြည့်ပြီး ပျော်ရွှင်မှုတွေကို ဖန်တီးနေမိတယ်။ စစ်ဆိုတဲ့ဇာတ်ကား တချက်လေးတောင် လှည့်မကြည့်ဘဲ ဟာသဇတ်လမ်းတွေကိုကြည့်ပြီး ကိုယ့်ရဲ့ စိတ်အဆင်မပြေမှုတွေကို ကျော်လွန်နိုင်တဲ့အထိ လူတွေ အိပ်တဲ့အချိန်မှာ မျက်ရည်ကျတဲ့အထိ ကျယ်လောင်စွာ ရယ်မောမိတဲ့ကျမ ရယ်စရာလည်း ဘာမှမရှိပါလားဆိုတဲ့ မှတ်ချက်ကိုခံယူရင်း နေ့တွေ ညတွေကို ပုံမှန်ဖြတ်သန်းနေမိတယ်။ ဒီနေ့ ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေတယောက်ဖလှယ်ထားတဲ့ လေးစားရတဲ့ ကဗျာဆရာ တင်မိုးရဲ့ ကဗျာတပုဒ်ကို အကြိမ်ကြိမ်အခါဖတ်နေမိတယ်။ ဘာတဲ့ “မောင်းတီးမဲ့လူသားကဗျာထဲက - ‘ရောမမြို့ကြီး မီးလောင်နေစဉ် စောင်းတီးမပျက်တဲ့ နီရိုးဘုရင်’ တဲ့” တိုက်ပွဲတွေဖြစ်၊ ကျမတို့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ နေထိုင်ထားတဲ့ ထိန်းချုပ်နယ်မြေတွေ တခုပြီးတခုကျ၊ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ လွတ်ရာကို ထွက်ပြေးနေရင်း လွတ်မြောက်ရာနေရာမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ စစ်ပြေးရှောင် ညီရင်းမောင်နှမတွေအတွက် မောင်းတောင် မတီးနိုင်တဲ့ အခြေအနေဖြစ်နေပြီးတော့ ဟာသကားတွေကြည့်ရင်း နီရိုးဘုရင်လိုများ စောင်းတီးနေမိသလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့က ကွင်းပြင်က သူတွေပါ။ ကွင်းထဲမှာ ကန်နေတဲ့သူတွေမဟုတ်တော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုလည်း ပြောခွင့်မသာနေတော့ ပြောတိုင်းလည်း အရာမရောက်နေတော့ နီရိုးဘုရင် ကျမ ဖြစ်သွားတာ ဆန်းသလား။ ဒါပေမယ့် မောင်းတီးမယ့်လူသား ကျမဖြစ်လိုက်ချင်ပါသေးတော့ နှစ်သစ်နဲ့အတူ အားသစ်တွေမွေးပြီး မောင်းတီးပြလိုက်ချင်ပါသေး။ တင်တင်ညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024