သမီးဖြစ်သူကွယ်လွန်ပြီး နောက်တနေ့ ကွယ်လွန်ခဲ့သည့် ဟောလိဝုဒ်မင်းသမီးကြီး

အမေရိကန် သရုပ်ဆောင်မင်းသမီးကြီး ဒက်ဘီ ရေးနိုးလ်ဒ်ဟာ သမီးဖြစ်သူ မင်းသမီး ကယ်ရီဖစ်ရှာ ကွယ်လွန်ခဲ့ပြီး နောက်တနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သားဖြစ်သူက ထုတ်ဖော်ပြောလိုက်ပါတယ်။ သူ့ရဲ့သမီးဖြစ်သူ စတားဝါးစ်သိပ္ပံရုပ်ရှင်ရဲ့ အဓိက သရုပ်ဆောင်မင်းသမီး ကယ်ရီဖစ်ရှာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က နှလုံးရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၀ အရွယ် ရှိနေပြီဖြစ်ပါတယ်။ အသက် ၈၄ နှစ်အရွယ် မင်းသမီးကြီးမှာတော့ လေဖြတ်တဲ့ ရောဂါတမျိုး ရှိနေခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ လော့စ်အိန်ဂျလိစ်ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ သမီးဖြစ်သူ သေဆုံးအပြီး နောက်တရက်မှာတော့ သူဟာလည်း နှလုံးခုန်ရပ်ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါပြီ။ သားဖြစ်သူ တော့ဒ်ဖစ်ရှာကတော့ “အမေဟာ ခုချိန်မှာတော့ ကယ်ရီနဲ့အတူ ရှိနေခဲ့ပါပြီ။ ကျနော်တို့အားလုံး ဝမ်းနည်းကြေကွဲနေကြရပါတယ်” လို့ အေပီသတင်းဌာနကို ပြောခဲ့ပါတယ်။ သရုပ်ဆောင်မင်းသမီးကြီး ဒက်ဘီ ရေးနိုးလ်ဒ်ဟာလည်း ဟောလိဝုဒ်အကျော်အမော် မင်းသမီးကြီးတဦးဖြစ်ကာ ၁၉၅၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Singin' in the Rain ရုပ်ရှင်မှာ အထူးလူသိများ ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up