ဒီမိုကရေစီစနစ်မှာ စစ်မိန့်ဟာ ပြည်သူထံက ဆင်းသက်တယ်

အဟိတ်တိရစ္ဆာန်တွေ အပါအဝင် လူသားတွေဟာ အမိဝမ်းထဲကနေ လောကကြီးထဲ ဝင်ရောက်လာခါစတုန်းက သတ်မယ်၊ ဖြတ်မယ်၊ တိုက်မယ်ခိုက်မယ်၊ ခိုးဆိုးလုယက်မယ်၊ ဗိုလ်ကျ အနိုင်ကျင့်မယ်၊ မကောင်းမှုတွေ လုပ်မယ်လို့ ကြွေးကြော်အော်ဟစ်ပြီး ဝင်ရောက်လာခဲ့ကြတာ မဟုတ်ပါဘူး။ အတိတ်ဘဝက ထုံကူးလာတဲ့ ကံအကြောင်းတရား၊ ဗီဇစရိုက်သဘာဝ၊ ကျင်လည်ရတဲ့ ဝန်းကျင် အသိုင်းအဝိုင်း၊ တဖြည်းဖြည်း စုဆောင်းသိုမှီးရရှိအပ်တဲ့ အသိဉာဏ်ပညာ၊ လိုက်စားမွေးမြူမိတဲ့ ကိုယ်ကျင့်သီလ အစရှိတဲ့ အကြောင်းတရားတွေပေါ်အခြေခံလို့ လူကောင်း၊ လူဆိုး၊ လူမှန်၊ လူရိုး၊ လူအ လူန၊ လူဖျင်း၊လူသိမ်၊ လူလိမ်လူကောက်၊ လူယုတ်မာ၊ လူသူတော်တွေရယ်လို့ ကွဲပြားခြားနားခဲ့ကြရတာပါ။ လူသားတွေဟာ ဘဝရပ်တည်ရေး၊ ရှင်သန်ရေး၊ သက်သောင့်သက်သာရှိရေးအတွက် မိမိအတ္တကို ဗဟိုပြုလို့ အသိဉာဏ်မဦးစီးနိုင်တဲ့အခါ၊ အကျင့်သီလ ချို့ယွင်းအားနည်းတာနဲ့အမျှ အဂတိ ၄ ပါး လိုက်စားရင်း မကောင်းတဲ့ကံတွေကို ကျူးလွန်တတ်ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်း ရန်ကုန်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြတဲ့ သတင်းကို ဒီဗွီဘီရုပ်မြင်သံကြားသတင်းမှာ ကြည့်ရှုခဲ့ရပါတယ်။ တရားသောစစ်၊ မတရားသောစစ်၊ ကျူးကျော်စစ်၊ ထိုးစစ်၊ ခံစစ် ဘယ်လိုစစ်ပွဲဖြစ်ဖြစ် အနိဋ္ဌာရုံတွေနဲ့သာ အဆုံးသတ်ရလေ့ရှိပါတယ်။ နှစ်ဖက်စလုံးက လူတွေ သေကျေမယ်၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးကြမယ်။ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမယ်၊ ရပ်ရွာတွေ အဖျက်ဆီးခံရမယ်၊ တိုင်းပြည်ဘဏ္ဍာတွေ အဟောသိကံဖြစ်မယ်။ အထူးသဖြင့် နိုင်ငံရဲ့မိသားစုဝင် တိုင်းရင်းသားညီနှောင်များနဲ့ ဖြစ်နေရတဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မှာ နှစ်ဖက်စလုံးအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေသာ ရင်ဝယ်ပိုက်ကြရတာပါ။ စစ်ပွဲတွေဆိုတာတာ တိုင်းပြည်အတွက်၊ နိုင်ငံသားအားလုံးအတွက် နစ်နာစရာတွေပဲ ပေးအပ်လေ့ရှိပါတယ်။ ဘယ်သူမှ မနိုင်စေပါဘူး။ နှစ်ဖက်စလုံးကို ရှုံးစေတာပါ။ ဒါကြောင့်မို့ ပြည်တွင်းစစ်ဆိုတာ ထောက်ခံကြိုဆိုစရာအကြောင်း လုံးဝမရှိပါဘူး။ အမြန်ဆုံး ရပ်တန့်ရေးကိုသာ တိုက်တွန်းကြရမှာပါ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျသုံးတဲ့နိုင်ငံတွေမှာ စစ်ကြေညာတာဖြစ်ဖြစ်၊ စစ်အင်အား အသုံးပြုတာဖြစ်ဖြစ်၊ ထိုးစစ်ဆင်တာဖြစ်ဖြစ် စစ်မိန့်တွေအားလုံးဟာ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်၊ ကွန်ဂရက်၊ ပါလီမန်တွေက ဆင်းသက်လာတာ ဖြစ်တယ်။ အဲဒီပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေကတဆင့် ပြည်သူတွေကိုယ်စား လက်နက်ကိုင်တပ်အားလုံးရဲ့ သေနာပတိ အကြီးအကဲဖြစ်တဲ့ ပြည်သူ့သမ္မတကို စစ်မိန့်အသုံးပြုခွင့်ကို အကန့်အသတ်နဲ့ အပ်နှင်းရတယ်။ အဲဒီတော့မှ သမ္မတက စစ်မိန့်ကို ထုတ်ပြန်ပြီး သူ့ကိုတာဝန်ခံရတဲ့ သူ့လက်အောက်က ဗိုလ်ချုပ်ကြီးတွေကို စစ်ရေးတာဝန်တွေ ပေးအပ်တာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ လေယာဉ်ပျံ၊ တင့်ကားတွေ သုံးပြီး ပြည်သူ့ဘဏ္ဍာတွေသုံးပြီး အားကြိုးမာန်တက်ဆင်နွှဲနေတဲ့ ထိုးစစ်တွေအတွက် စစ်မိန့်တွေဟာ ဘယ်က ဆင်းသက်လာတယ်ဆိုတာ လေ့လာကြည့်ရအောင်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၇) မှာ တပ်မတော်နဲ့ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၃၈ - နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။ အဲဒီပုဒ်မ ၃၃၈ ဟာ ဒီမိုကရေစီနည်းလမ်းမကျပါဘူး။ နိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ ရှိမှသာ အများပြည်သူဆန္ဒနဲ့အညီ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ပုဒ်မ ၃၄၂ - နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။ ဒီပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရာမှာ ကာလုံလို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဆိုပြု ထောက်ခံချက်မပါရင် ခန့်အပ်လို့မရတဲ့သဘောပါပဲ။ ဒါဟာလည်း ဒီမိုကရေစီ နည်းမကျပါဘူးလို့ ပြောရမှာပါ။ ဘာကြောင့်လို့လဲဆိုတော့ ကာလုံ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အကြောင်း ပုဒ်မ ၂၀၁ မှာ အောက်ပါအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။ ပုဒ်မ ၂၀၁ - ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ ဥပဒေတရပ်ရပ်အရသော် လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။ (က) နိုင်ငံတော်သမ္မတ၊ (ခ) ဒုတိယသမ္မတ၊ (ဂ) ဒုတိယသမ္မတ၊ (ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ (င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ (စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ (ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ (ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ (ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ (ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဒါဟာလည်း ဒီမိုကရေစီနည်းလမ်းမကျပါဘူးဆိုတာ ရှင်းပါတယ်။ အများစုဆန္ဒမဲပြားတွေနဲ့ အနိုင်ရပါတီက ရွေးချယ်ထားတဲ့ ပြည်သူအများစုကို ကိုယ်စားပြုတဲ့ သမ္မတက ခန့်အပ်လို့ရသော ဒုသမ္မတ တဦး အပါအဝင် လူ ၅ ဦးနဲ့ ပြည်သူက မခန့်အပ်နိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် သူက ခန့်အပ်၍ ရသော လူ ၆ ဦး (ပေါင်း ၁၁ဦး) နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ ကာလုံဆိုတာ ပြည်သူ့ဆန္ဒ ရာခိုင်နှုန်း အားနည်းစွာနဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီလို့ ပြောရမှာပါ။ ဒီနေရာမှာ ကြားဖြတ်လို့ ပြည်သူဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ နည်းနည်းရှင်းချင်ပါတယ်။ နှစ်ဖက်စလုံးကတော့ ပြည်သူလူထုထောက်ခံမှုနဲ့လို့ သုံးနှုန်းနေကြတာ မဟုတ်လား။ ပြည်သူလို့ ဆိုကြရာမှာ လူများစုပြည်သူနဲ့ လူနည်းစုပြည်သူဆိုပြီး ၂ မျိုးရှိပါတယ်။ လူကောင်းလည်း ပြည်သူ၊ လူဆိုးလည်း ပြည်သူပါပဲ။ ဥပမာအားဖြင့် ၁) ဆင်းရဲသားအများစု ပြည်သူနဲ့ အခွင့်ထူးခံပြည်သူအနည်းစု ၂) စစ်မတိုက်ချင်တဲ့ ပြည်သူအများစုနဲ့ စစ်တိုက်ချင်တဲ့ ပြည်သူအနည်းစု၊ ၃) ဖွဲ့စည်းပုံပြင်ချင်တဲ့ ပြည်သူအများစုနဲ့ ဖွဲ့စည်းပုံမပြင်ချင်တဲ့ ပြည်သူအနည်းစု၊ ဒီမိုကရေစီစနစ်ဟာ လူနည်းစုဆန္ဒကို အသိအမှတ်ပြုရင်း အများစုဆန္ဒကို ဖော်ဆောင်တဲ့စနစ် ဖြစ်ပါတယ်။ အများပြည်သူတွေ ဆောင်ရွက်ပြုပြင်ချင်တဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ရာမှာ လူနည်းစု အတိုက်အခံတွေရဲ့ဆန္ဒကို လေးစားစွာ ထည့်သွင်းတွက်ချက်ရင်း လူများစုသဘောထားကို တည်ဆောက်ယူကြရတာပါ။ ဒါကြောင့် ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ပြည်သူအများစုက ဆန္ဒပြင်းပြနေတာ သိကြရက်နဲ့ ကိုယ့်မိသားစုဝင်အချင်းချင်း အပြန်အလှန် အလျှော့ပေး ဆွေးနွေးအဖြေရှာရမယ့်အစား ... အဖိုးတန်ပြီး ရခဲတဲ့လူ့အသက်ကို အချည်းနှီး သတ်ဖြတ်ပစ်တဲ့ သွေးဆာနေတဲ့ ရန်ပွဲ စစ်ပွဲတွေကို အဆင်အခြင်မဲ့ ဆင်နွှဲဖို့ ဘာကြောင့် ညွှန်ကြားနေကြတာပါလဲ၊ ဘာအကျိုးအတွက် ထောက်ခံနေရတာပါလဲ။ ဘယ်ဘက်ကဖြစ်ဖြစ်၊ သိုင်းပညာလေး တတ်လို့ဖြစ်ဖြစ်၊ ကိုယ့်မှာ ခွန်အားဗလ ကောင်းလို့ဖြစ်ဖြစ် ထစ်ခနဲရှိ လက်ပါချင်၊ ထစ်ခနဲရှိ တုတ်ဆွဲ ဓားဆွဲ၊ ထစ်ခနဲရှိ ဦးအောင်တိုက်ခိုက် အနိုင်ကျင့်ချင်တဲ့သူတွေကို လူ့လောကအသိုင်းအဝိုင်းက ဘယ်လိုလူစားတွေလို့ သတ်မှတ်ကြပါသလဲ။ အဲဒီလို သွေးထွက်သံယို အကြမ်းဖက် ဗိုလ်ကျတတ်တဲ့သူမျိုးတွေကို ဘယ်လိုလူမျိုးတွေက ကိုးကွယ်အားထား ထောက်ခံတတ်ကြပါသလဲ။ မတရားမှုကို မတရားမှုလို့ အသိအမှတ်မပြုရဲသူတွေ၊ ကိုယ့်ကျိုးစီးပွားထိခိုက်မှာစိုးလို့ ဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူဘက် မျက်နှာလိုက်ချင်လို့ဖြစ်ဖြစ်၊ ကိုယ့်အမျိုး ကိုယ့်ဘာသာကို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကာကွယ်စောင့်ရှောက်ချင်လို့ အဓမ္မတရားကို ထောက်ခံသူတွေကို ဘယ်လိုလူစားတွေလို့ အများက သတ်မှတ်လေ့ရှိကြပါသလဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်လို့လည်း ဘာအကျိုးအမြတ်မှ မရရှိနိုင်ပါဘူး။ အရင်ခေတ်တုန်းကလည်း သောင်းကျန်းသူ အဖျက်သမားလို့ ခေါ်ခဲ့ကြပြီး လက်နက်နဲ့ချေမှုန်းဖို့ ကြိုးစားခဲ့ကြတာ နှစ်ပေါင်း ၇၀ နီးပါး မဟုတ်လား။ ဘယ်မှာ အဖြေထွက်ခဲ့လို့တုံး။ အခုချိန်ဟာ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့၊ စားပွဲဝိုင်းပေါ် တက်လာအောင် နှစ်ဖက်စလုံးက အပြိုင်အဆိုင်၊ ဘယ်သူတွေကတော့ ပိုအလျော့ပေးတယ်ဆိုတာ မိဘပြည်သူတွေကို ပြသကြရမယ့်အချိန် ရောက်နေပြီ။ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး မိမိအဖွဲ့အစည်း သမိုင်းကြောင်းကို ကောင်းအောင် ရေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ပြည်သူတွေ အရမ်းပင်ပန်းနေကြပါပြီ၊ ပြည်တွင်းစစ်ကြီးကြောင့် လူစဉ်မမီတဲ့ ဘဝတွေကိုသာ ပိုင်ဆိုင်ရင်း ကမောက်ကမဘဝတွေနဲ့ ရှင်သန်ခဲ့ကြရတာ၊ မျိုးဆက်ပေါင်းများစွာ နိမ့်ကျဆင်းရဲနေကြတာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီ။ ပြည်သူတွေကို တကယ်ပဲ စာနာသနားကြရင် ငြိမ်းချမ်းရေးရအောင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မိမိဘက်က ပိုအလျော့ပေးနိုင်တယ်ဆိုတာ ပြသရင်း နိုင်ငံနဲ့ ပြည်သူတွေကို ပိုချစ်တယ်ဆိုတာ ပြိုင်ဆိုင်ကြပါ။ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း အတတ်ပညာကို သင်ကြားလို့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်ကြီးကို တက်ညီလက်ညီ ဝိုင်းဝန်းငြှိမ်းသတ်ကြပါလို့ အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းပါတယ်။ မင်းကောင်းချစ် ဒီဇင်ဘာ ၂၂ ရက်နေ့ ၂၀၁၆ ခုနှစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up