ဖခင်ဖြစ်သူက ၉ နှစ်အရွယ်သမီးကို ဓားဖြင့်ထိုးသတ်

ဓာတ်ပုံ - ဆနွတ်ခ်
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီလူသတ်မှုဟာ ရက်စက်လွန်းတဲ့အတွက် လူပြောများ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦးဟာ ဇနီးဖြစ်သူက ကလေးအငယ်ကို ခေါ်ဆောင်ကာ အိမ်ကထွက်သွားခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်ပြီး အိမ်မှာကျန်နေခဲ့တဲ့ အသက် ၉ နှစ်အရွယ် သမီးအကြီးဆုံးရဲ့ ရင်ဘတ်ကို ဓားနဲ့ အကြိမ်ကြိမ်ထိုးပြီး သတ်ခဲ့တာပါ။ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာပေါင်းများစွာနဲ့ ကလေးငယ် သေဆုံးသွားခဲ့ပြီးနောက်မှာ ဖခင်ဖြစ်သူဟာ ထားမသွားခဲ့ဘဲ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို သုတ်သင်ပေးခဲ့ကာ အခင်းဖြစ်တဲ့နေရာနဲ့ ဓားကိုလည်း သန့်ရှင်းစင်ကြယ်အောင်ထားခဲ့တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီနောက် အိမ်နီးချင်းတွေကို သူဘာလုပ်ခဲ့တယ်ဆိုတာ ပြောပြခဲ့ပေမယ့် ဘယ်သူကမှ မယုံကြည်ခဲ့ကြပါဘူး။ အဲဒါကြောင့် သူဟာ အိမ်ကိုပြန်ခဲ့ပြီး ဇနီးဖြစ်သူကို စောင့်နေခဲ့ချိန်မှာ ဇနီးဖြစ်သူဟာ နောက်တနေ့မနက်မှ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူ ရောက်လာချိန်မှာတော့ သေဆုံးနေတဲ့ သမီးဖြစ်သူနဲ့ ဘေးက ခင်ပွန်းဖြစ်သူကို တွေ့ခဲ့ရပြီးနောက် မယ်ဆိုင်ခရိုင်ရဲတပ်ဖွဲ့ဆီ ချက်ချင်းတိုင်ကြားခဲ့တာပါ။ ရဲတွေဟာ အသက် ၃၇ နှစ်အရွယ် နွိုင်အမည်ရတဲ့ အဆိုပါအမျိုးသားကို ဖမ်းဆီးခဲ့ချိန်မှာ သူက ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ရဲအချုပ်ကားနဲ့ သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာတော့ သူ့ရဲ့ သွေးအေးရက်စက်တဲ့ အပြုအမူအတွက် စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးဟာ ကားပေါ်ကဆွဲချပြီး သူ့ကို ပြစ်ဒဏ်ပေးဖို့ ကြိုးစားခဲ့ကြတာပါ။ သူက ကလေးအငယ်ကိုခေါ်ပြီး အိမ်ကထွက်သွားခဲ့တဲ့ ဇနီးဖြစ်သူကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရကာ ခုလိုကျူးလွန်ခဲ့မိတာလို့ ပြောပါတယ်။ ဇနီးဖြစ်သူကတော့ အဆိုပါအမျိုးသားဟာ မကြာခဏ အရက်သေစာ သောက်စားတတ်တဲ့အတွက် ခုလိုထားခဲ့တာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up