Home
သုံးသပျခကျြ
ပြည်သူတွေအတွက် အစိုးရသစ် ဘယ်လောက်ထိလုပ်နိုင်ခဲ့သလဲ၊ အစိုးရသစ်ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
December 27, 2016
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သား လွှတ်တော်ကိုယ်စားလှယ်အများစု ပါဝင်တဲ့ လွှတ်တော်ကို အောင်မြင်စွာ ကျင်းပနိုင်လိုက်ခြင်းက နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ စစ်ဘက်အုပ်ချုပ်ရေး တစိတ်တပိုင်းကို နိဂုံးချုပ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသစ်ဟာ လာမယ့် ၅ နှစ်တာအတွင်းမှာ စိန်ခေါ်မှုတွေ၊ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ကြရဦးမယ့် အနေအထားမျိုး ဖြစ်နေပါသေးတယ်။ ဒီတော့ ဧပြီလမှာ စတင်တာဝန်ယူခဲ့တဲ့ အစိုးရသစ်အနေနဲ့ ၂၀၁၆ ခုနှစ် တနှစ်တာကာလအတွင်း ပြည်သူတွေအတွက် ဘယ်လောက်ထိ လုပ်နိုင်ခဲ့သလဲ။ အစိုးရသစ်ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲဆိုတာကို ဒီကနေ့ အယ်ဒီတာစကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ အယ်ဒီတာစကားဝိုင်းအစီအစဉ်မှာ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မီဒီယာတွေမှာ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှုတွေကို ဆောင်းပါးတွေရေးပြီး အမြင်သဘောထားတွေ ဖလှယ်နေကျဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဆရာအေးမောင်ကျော်တို့ပဲ ဖြစ်ပါတယ်။ ဦးခင်သန်း (ဒီဗွီဘီ) “ပထမဆုံးအနေနဲ့ ဆရာရန်မျိုးသိမ်းကို မေးချင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီအစိုးရက ၂၀၁၆ ခုနှစ်မှာ စပြီး တာဝန်ယူခဲ့တယ်။ အခု ဒီဇင်ဘာအကုန်မှာဆိုရင်တော့ ၉ လတင်းတင်းပြည့်ပြီပေါ့နော်။ ဒါပေမယ့် အစိုးရသစ်က စပြီးတက်လာပြီဆိုတာနဲ့ ဝန်ကြီးဌာနတွေနဲ့ပတ်သက်ပြီး Reform တွေလုပ်တယ်။ အပြောင်းအလဲတွေ လုပ်တယ်။ ချုံ့တာ၊ ချဲ့တာ လုပ်တယ်။ ပြီးတော့ ရက် ၁၀၀။ ဆက်တိုက် လုပ်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ၉ လတာကာလအတွင်းမှာ တချို့က အစိုးရက နိုင်ငံရေးကိစ္စတွေကိုပဲ အလေးပေးလွန်းပြီးတော့ စီးပွားရေးကိစ္စတွေကို လျစ်လျူရှုနေသလို ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်တယ်ပေါ့ ဆရာရယ်။ အဲဒီတော့ ၉ လတာကာလအတွင်း အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဆရာ့ရဲ့သုံးသပ်ချက်လေး ပြောပြပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ ၉ လတာကာလအတွင်းမှာ အများမြင်သလိုပဲပေါ့လေ။ စီးပွားရေးအပိုင်းမှာတော့ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။ စီးပွားရေးစီမံကိန်းတွေ ဖော်ဆောင်တဲ့နေရာမှာ၊ စီးပွားရေးမူဝါဒတွေ ချမှတ်တဲ့နေရာမှာ၊ နောက်ပြီးတော့ ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့နေရာမှာ၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး တည်ဆောက်တဲ့ အနေအထားမျိုးတွေမှာ အားနည်းချက်တွေ အတော်များများ ရှိနေတယ်လို့ ကျနော် မြင်တယ်။ နောက်တခုက လက်ရှိ ၉ လဆိုတဲ့ အချိန်ကာလကို ပြောမယ်ဆိုရင် အစိုးရအဖွဲ့ရဲ့သက်တမ်းနဲ့ ပြောမယ်ဆိုရင် ၁၅ ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားပြီ။ ကျနော့်အမြင်ကတော့ ဒီ ၉ လကနေ ၁၂ လ၊ တနှစ်အတွင်း ဒီ ၃ လအတွင်းမှာ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ စနစ်တကျ အကဲဖြတ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီအကဲဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့ နောက် ၄ နှစ်အတွက် အစိုးရအဖွဲ့ရဲ့ စီမံချက်ကို စနစ်တကျ ချမှတ်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော် သုံးသပ်ပါတယ်။” ဦးခင်သန်း (ဒီဗွီဘီ) “ဆရာအေးမောင်ကျော်လည်း မေးချင်ပါတယ်။ အစိုးရကတော့ ၉ လတာ ကာလအတွင်းမှာ လုပ်ခဲ့တာပေါ့။ ဒါပေမယ့် တချို့သုံးသပ်မှုတွေကလည်း အစိုးရကတော့ လုပ်နေတယ်၊ သိသိသာသာ ထူးထူးခြားခြား တိုးတက်လာတာ မတွေ့ရဘူးဆိုတဲ့ ဝေဖန်မှုမျိုးတွေလည်း ရှိတယ်ပေါ့နော်။ နောက်တခုက အပေါ်က နိုင်ငံရေးရာထူးတွေမှာတော့ အပြောင်းအလဲတွေ ဖြစ်သွားတယ်။ ဒါပေမယ့် ရှိနေတဲ့ အရင်အစိုးရကို ဆက်ခံရတဲ့ အုပ်ချုပ်ရေးယန္တရား အရင်အတိုင်းပဲ ရှိနေတဲ့အပေါ်မှာလည်း အစိုးရအနေနဲ့ အကျပ်အတည်းတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိတယ်ဆရာ။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါကတော့ အမှန်အတိုင်းပါပဲ။ ရွေးကောက်ခံအစိုးရတွေအချင်းချင်း ချိန်းကြတဲ့အခါမှာ နိုင်ငံရေးပို့စ်တွေကိုပဲ အနိုင်ရတဲ့ပါတီက ယူကြရတာကိုး။ ကျန်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေက ဒီအတိုင်းပဲ ရှိတယ်လေ။ အဲဒီ အင်စတီကျူးရှင်းတွေက အားနည်းခဲ့တဲ့အခါကျတော့ အခုဝင်သွားတာ ဝန်ကြီးတယောက်တည်း ဝင်သွားမယ်။ သို့မဟုတ် ဒု-ဝန်ကြီးပါရင် နှစ်ယောက် ဖြစ်မယ်ပေါ့နော်။ ဒါပေမယ့် ရှိတဲ့ယန္တရားတစုံလုံးက အရင်အတိုင်းပဲ ရှိနေတယ်။ အဲဒီတော့ ဒီယန္တရားကြီးတွေကလည်း အကုန်လုံး ယိုယွင်းပျက်စီးပြီး ခြစားနေတာတွေကလည်း တော်တော်များများ ရှိနေတဲ့အခါကျတော့ ဒါကို ကိုယ်သွားချင်တဲ့ ပေါ်လစီတခုကို အကောင်အထည်ဖော်တဲ့နေရာမှာ ဝန်ကြီးတယောက်က ဒါလုပ်ချင်တယ်၊ ဒီလမ်းကြောင်းသွားချင်တယ်လို့ ပြောလိုက်ရုံနဲ့ ဖြစ်မလာတာတွေ အများကြီးရှိမယ်လို့ ကျနော်ထင်တယ်။ သူတို့ကတော့ နိုင်ငံရေးအရ ချဉ်းကပ်ပြီးတော့ ပြဿနာတွေကို ဝန်ကြီးရဲ့တာဝန်က ဖြေရှင်းရမှာပေါ့နော်။ ဒါပေမယ့် တကယ်အကောင်အထည်ဖော်တာက အောက်ကလူတွေက အကောင်အထည်ဖော်ရမှာလေ။ ဒီနေရာမှာ နည်းနည်းပြဿနာရှိတယ်။ အခုက ၉ လဆိုတော့ ကျနော်မြင်တာက ပြည်ထောင်စုဝန်ကြီးပဲဖြစ်ဖြစ်၊ တိုင်းဒေသဝန်ကြီးချုပ်တွေပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်အခြေအနေကိုယ် တော်တော်တန်တန်တော့ လေ့လာမိပြီလို့ ကျနော် ယူဆတယ်။ ဆိုတော့ ဘယ်သူက ဘယ်လို၊ ဘယ်ဌာနက ဘာတွေလိုအပ်တယ်၊ ယေဘုယျတွက်ချက်လို့ရပြီလို့ ထင်တယ်။ ဆက်ပြီးလုပ်ရမှာက ရဲရဲရင့်ရင့် လုပ်ဖို့လိုတယ်။ ခြေလှမ်းတွေကို ရဲရဲလှမ်းဖို့ လိုတယ်။ လုပ်စရာရှိတာ ရဲရဲတင်းတင်း လုပ်ဖို့လိုတယ်။ သိပ်ပြီးတော့ ထောက်ထားတာတွေ၊ ကြောက်တာတွေပေါ့နော်။ တခုခု ပတ်သက်သွားမှာတို့ ဝန်ကြီးတွေမှာ စိုးရိမ်စိတ်တွေ သူတို့တွေမှာ အများကြီးရှိတယ်။ သူတို့ မှားသွားမှာကို ကြောက်တယ်။ ဒီစီးပွားရေးလုပ်ငန်းတွေ၊ သတင်းအမှားတွေထွက်သွားမှာ စတာတွေ သူတို့ ကြောက်တာတွေ အများကြီးရှိတယ်။ တကယ်လုပ်ရမှာတွေကလည်း သူ့မှာ အများကြီးဖြစ်နေတယ်။ ကျနော် ထင်တယ်။ ရဲရဲတင်းတင်းပဲ လုပ်ပါ။ ကိုယ်က ဒီအထဲမှာ အဂတိလိုက်စားမှုတွေ မပါရင် ပြီးတာပဲ။ စေတနာမှန်ဖို့ပဲ အရေးကြီးပါတယ်။ ကျနော်ကတော့ အဲဒီလို မြင်တယ်။” ဦးခင်သန်း (ဒီဗွီဘီ) “နောက်မေးခွန်းကတော့ ဆရာရန်မျိုးသိမ်းကို မေးပါမယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အစိုးရသစ်အနေနဲ့ တောက်လျှောက်ကြွေးကြော်လာတာ ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်နိုင်မယ်ဆိုတဲ့အနေနဲ့ ရွေးကောက်ပွဲမှာလည်း ပြောခဲ့တယ်။ လက်ရှိလည်း သူတို့ အဲဒီလိုမျိုး လုပ်နေတာပေါ့။ ဒါပေမယ့် လက်ရှိ ၉ လတာကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်ကြည့်တဲ့အခါမှာ မျှော်မှန်းသလောက် မအောင်မြင်ဘူးလို့ ပြောလို့ရနိုင်တဲ့ အခြေအနေမျိုးပေါ့။ အစိုးရတက်လာကတည်းက အဖွဲ့အစည်းတွေ ပြန်ဖွဲ့တယ်။ အန်စီအေ လက်မှတ်ထိုးတာရော၊ မထိုးတဲ့ အဖွဲ့အစည်းတွေနဲ့ရော ပြန်တွေ့တယ်။ ၂၁ ရာစု ပင်လုံညီလာခံကို လုပ်မယ်။ တက်တက်ကြွကြွပဲ။ ဒါပေမယ့် အခု နောက်ဆုံးအခြေအနေအရ ဒီနှစ်ကုန်ခါနီး သေနတ်တွေပေါက်တယ်။ ပိုဆိုးတာက တဘက်နဲ့တဘက် ယုံကြည်မှုတွေက တော်တော်ကို အလှမ်းဝေးသွားသလို အနေအထားမျိုး ဖြစ်နေတယ်ပေါ့။ အဲဒီတော့ ဒီ ၉ လတာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆရာ ဘယ်လို သုံးသပ်ချင်ပါသလဲ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “၉ လတာကာလအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို လုပ်လိုက်နိုင်တယ်။ ဒါပေမယ့် ဒီ ၂၁ ရာစု ပင်လုံမှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အခြား ပညာရှင်တွေရဲ့ အမြင်သဘောထားကို စုစည်းတဲ့သဘောပဲ ဖြစ်ခဲ့တာကို တွေ့တယ်။ အဲဒီတော့ ကျနော့်အမြင်ကတော့ လက်ရှိအခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးကို အရေးကြီးတယ်လို့ တဘက်မှာ ပြောနေတယ်။ ဒါပေမယ့် တဘက်မှာလည်း တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ သဘောက မီးစတဘက်၊ ရေမှုတ်တဘက် ပုံစံမျိုးဖြစ်နေတာ တွေ့ရတယ်။ ဒီအနေအထားက ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘယ်လိုမှ အစပ်အဟပ်မတည့်တဲ့ အနေအထားလို့ ကျနော်ကတော့ သုံးသပ်တယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကျနော် တခု သတိပြုမိတာက ဒီ ၂၁ ရာစုပင်လုံမှာရော၊ ပင်လုံနောက်ပိုင်းမှာရော ဘာဖြစ်လာလဲဆိုတော့ အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရောက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး သူတို့က ဘာမှမပြောဘူး ဖြစ်နေတယ်။ တကယ်တမ်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌က လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကျပ်အတည်းတခု ဖြစ်နေတာ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အကျပ်အတည်း ဖြစ်နေတာ။ ကျနော်တို့ဟာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တယ်ဆိုရင် ဒီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကိုလည်း တပြိုင်တည်း ဖြေရှင်းနိုင်ဖို့အတွက် စဉ်းစားဖို့လိုအပ်မယ်လို့ မြင်တယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျနော့်အမြင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရယ် မျက်နှာစုံညီ အကြိတ်အနယ် တွေ့ဆုံဆွေးနွေးမှုမျိုးကို အလျှင်အမြန်လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ အဲဒါမှသာလျှင် နောက်တကြိမ်လုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပထမတကြိမ်ကထက် ပိုပြီး စိတ်ဝင်စားရာကောင်းတဲ့၊ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ အပြောင်းအလဲကို ဦးတည်နိုင်တဲ့ ခြေလှမ်းမျိုးတွေကို ကျနော်တို့ မြင်တွေ့လာရနိုင်မယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။” ဦးခင်သန်း (ဒီဗွီဘီ) “အဲဒါနဲ့တဆက်တည်း ဆရာအေးမောင်ကျော်ကိုလည်း မေးချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်။ အဲဒီလို ပြောနေပေမယ့် ကျနော်တို့ ဒီတခုလုံး ခြုံပြီးကြည့်မယ်ဆိုရင် အခု ထိုးစစ်ဆင်နေတာသည် တပ်မတော်ဖြစ်တယ်။ တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနဆိုတာ အစိုးရရဲ့ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ အဲဒီတော့ တဘက်က ဆရာ ခုနပြောသလို မီးစတဘက်၊ ရေမှုတ်တဘက်လို သွားနေတယ်။ ဟိုဘက်လည်း တိုက်နေတယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတရဲ့ သြဇာအာဏာဟာ ကာကွယ်ရေးဝန်ကြီးဌာနအပေါ်မှာ လွှမ်းမိုးမှုမရှိလို့ ဖြစ်နေတာမျိုးလား။” ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါတွေကတော့ နည်းနည်းတော့ ခက်တာပေါ့။ ဘာလို့လဲဆိုတော့ တကယ်တမ်း ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင် နိုင်ငံတော်သမ္မတက ထိပ်ဆုံးမှာရှိတယ်ဗျ။ အထွတ်အထိပ်မှာ ရှိတယ်။ နိုင်ငံတော်အင်္ဂါစဉ်အရ ပြောရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒုတိယနေရာမှာ ရှိတယ်။ တကယ်တော့ အရင်အစိုးရ လက်ထက်မှာတုန်းကလည်း ကျနော် အရေးကြီးတဲ့ ဝန်ကြီးတပါးကို မေးကြည့်ဖူးပါတယ်။ အဲဒီတော့ ဒီဌာန ၃ ခုဟာ တကယ်ပဲ သမ္မတရဲ့လက်အောက်မှာ ရှိသလားဆိုတာ တည့်တည့်ပဲ မေးကြည့်တော့ သူက ရှိပါတယ်တဲ့၊ အဲလိုဖြေတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့လက်အောက်မှာ။ ဒါပေမယ့်လို့ တကယ်ဖြစ်နေတာကျတော့ အားလုံးအမြင်မှာတော့ ဒီလိုထင်စရာတွေ ရှိတာပေါ့။” ဦးခင်သန်း (ဒီဗွီဘီ) “တချို့ဆိုရင် ပြောကြတယ်လေ။ မြန်မာပြည်မှာ အစိုးရနှစ်ရပ် ရှိတယ်တဲ့။ အဲဒီလိုမျိုးပြောကြတာ ရှိတယ်။” ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ရပ်တွေက ရှိနေတာကိုး။ အဲဒီတော့ ဒါတွေကို ကျနော်တို့က ဘယ်လိုနားလည်ရမလဲဆိုတော့ နည်းနည်းတော့ခက်ခဲတဲ့၊ ရှုပ်ထွေးတဲ့အခြေအနေတရပ်နဲ့ သွားနေတယ်ဆိုတာတော့ သေချာတယ်ပေါ့ဗျာ။ တဘက်က တပ်မတော်ရဲ့ လုပ်ဆောင်ချက်ပေါ့နော်။ တဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ချဉ်းကပ်ဖြေရှင်းတဲ့ နည်းလမ်းတွေပေါ့။ နောက်တခုက အစိုးရရဲ့ ဒီအပေါ်မှာ သဘောထား။ ဒီသုံးဦးသုံးဖလှယ်က တော်တော်ကြီး ညီညွတ်သွားဖို့ လိုတာကိုး။ တဘက်ကလည်း အားစမ်းလို့ရတယ်လို့ ထင်နေမယ်။ တဘက်ကလည်း ဒီလို နှိပ်ကွပ်ရမယ်လို့ ထင်နေတယ်။ အစိုးရကလည်း ဒါကို မကြီးကြပ်နိုင်ဘူးဆိုတော့ ဒီပြဿနာက လုံးလည်လိုက်နေတာ။ နောက်တခုက အန်စီအေပေါ့။ အပစ်အခတ်ရပ်စဲရေးစာချုပ်။ နောက် All Inclusive။ ဒီနှစ်ခုထဲမှာ ကျနော်တို့က ပိတ်မိနေတယ်။ အားလုံးပါဝင်ရေးမှာလည်း ဒါ ထောင်ချောက်တခုလို ဖြစ်နေတယ်။ အန်စီအေကလည်း ထောင်ချောက်တခုလို ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒါကိုပဲ အားလုံးအကြောင်းပြပြီး ပြောနေကြတာလေ။ ဒါပေမယ့် အဲဒီဟာက ဘယ်သူမှလည်း မလုပ်နိုင်ဘူး။ ကျနော်တို့က ဒီနှစ်ခုကနေလွဲတဲ့ တခြားလမ်းရော ရှိမလား။ ကျနော်တော့ အဲဒီလို စဉ်းစားတယ်။ တခါတလေကျရင် ဒီ All Inclusive ဆိုတာလည်း မလွယ်ဘူး၊ မဖြစ်နိုင်ဘူး။ အန်စီအေပါဖို့ဆိုတာလည်း ခု ပြဿနာတွေက တက်နေတယ်ဆိုတော့ ကျနော်တို့ ဘယ်လိုသွားမလဲပေါ့။” ဦးခင်သန်း (ဒီဗွီဘီ) “ဟုတ်ကဲ့။ တဆက်တည်း ဆရာရန်မျိုးသိမ်းကို မေးပါမယ်။ ရှေ့က ၉ လတာတော့ ဒီလိုဖြစ်နေပြီပေါ့။ လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ လာမယ့် ၂၀၁၇ မှာရော ပြည်တွင်းငြိမ်းချမ်းရေးက ဘယ်လိုအနေအထား ဖြစ်လာနိုင်မယ်လို့ ဆရာမြင်လဲ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီအတိုင်းသွားလို့တော့ မရတော့ဘူး။ ဒီအတိုင်းသွားရင် ၂၀၁၇ မှာ ဘာမှထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့လာမှာ မဟုတ်ဘူး။ ဒီထက်ဆိုးလာတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်။ ဒီထက်တိုက်ပွဲတွေ ပိုများလာနိုင်တယ်။ ဒီထက် ယုံကြည်မှုတွေ လျော့ကျလာနိုင်တယ်။ အဲဒီအခါမှာ အစိုးရပိုင်းကရော၊ တပ်မတော်ပိုင်းကရော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစီးဦးဆောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေအနေနဲ့ လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ သုံးသပ်ဖို့ လိုအပ်တယ်။ အဲဒီသုံးသပ်ချက်တွေပေါ်မှာ မူတည်ပြီးတော့ လာမယ့်ကာလအတွက်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်စီမံချက်ကို ချမှတ်နိုင်ဖို့ လိုအပ်တယ်။ နောက်ပြီးတော့ အဲဒီလို ချမှတ်ပြီးရင် ကျနော့်အယူအဆဆိုရင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ရဲ့ အမြင် သဘောထားတွေလည်း နားထောင်ကြည့်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော်တို့က ဆရာအေးမောင်ကျော် ပြောသလို အားလုံးပါဝင်ရေးဟာ ခက်ခဲပေမယ့်လို့ ကျနော်တို့ အားလုံးမပါဝင်လို့လည်း မဖြစ်ဘူး။ အားလုံးမပါဝင်ရင် ကျနော်တို့သွားမယ့် လမ်းကြောင်းဟာ တနေရာမဟုတ် တနေရာမှာ နောက်ပြန်လှည့်ဖို့ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ နောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု၊ လေးစားမှု၊ ကျနော်ဆိုလိုချင်တဲ့သဘောက ကျနော်တို့နိုင်ငံမှာရှိခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ သဘောထားလောက် မြင့်မြင့်မားမားရခဲ့တဲ့ ခေါင်းဆောင်မျိုး မတွေ့ရဘူး။ ဒီအခြေအနေကလည်း ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲအတွက်ကို တကယ့်အခွင့်ကောင်းပဲလို့ ကျနော်က သုံးသပ်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024