Homeမေးမြန်းခန်း
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့်မေးမြန်းချက်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့်မေးမြန်းချက်
ရွှေအောင်
·
November 22, 2011
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို လွှတ်တော်တွင်း ဆွေးနွေးတာ ပြီးပြတ်သွားပြီဖြစ်လို့ သမ္မတထံတင်လိုက်ပြီ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေကို ဒီနေ့ပြည်သူ့လွှတ်တော်မှာ အပြီးသတ် ဆွေးနွေးကြရာမှာ နိုင်ငံတော်အလံကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခွင့်ပြုဖို့ မဲခွဲဆုံးဖြတ်တဲ့ဘက်က အနိုင်ရတာမို့၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့နေရာမှာ အလံကိုင်ဆောင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဥပဒေထွက်လာရင် အများပြည်သူက ကိုယ့်ဆန္ဒကိုဖော်ထုတ်မယ်ဆိုရင် ဘယ်လိုဖော်ထုတ်ခွင့်ရပြီလဲဆိုတာ အကြမ်းဖျဉ်းလေးပြောပေးပါ။
[caption id="attachment_17116" align="alignleft" width="300" caption="ဦးသိန်းညွန့်"][/caption]
“ဥပေဒမှာ သတ်မှတ်ထားတဲ့အတိုင်းပေါ့။ ဆန္ဒဖော်ထုတ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ သွားတင်ရမယ်။ အဲ့က ခွင့်ပြုချက်ယူပြီးတော့ ဆန္ဒပြနိုင်တယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်လုပ်နိုင်တယ်။ လုပ်တဲ့အခါ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်၊ လမ်းကြောင်း၊ နေ့တို့အချိန်တို့ကို ဖော်ပြရမှာပေါ့။ ဖော်ပြပြီးတော့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုမိန့်ထုတ်ပေးခြင်း (သို့) ခွင့်ပြုမိန့် ငြင်းပယ်ခြင်းတွေ ပြုလုပ်နိုင်တယ်။ စီတန်းလှည့်လည်တဲ့အခါမှာလည်း သူတို့ဘက်က ဥပဒေနဲ့ အကာအကွယ်ပေးရမှာပေါ့။ အဲ့မှာ သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေ။ ခွင့်ပြုထားတဲ့ ကြွေးကြော်သံတွေအော်နိုင်တာပေါ့။ အော်တဲ့အခါ တရားဥပဒေ တည်ဆဲဥပဒေကိုတော့ ကိုယ်ကသတိထားရမှာပေါ့။ ဒါကနိုင်ငံတကာမှာ လုပ်တဲ့အတိုင်းပါပဲ။ ခွင့်တောင်းပြီးတော့ ခွင့်ပြုချက်အရ ချီတတ်တဲ့အခါမှာလည်း သူတို့က ဥပဒေအတိုင်း အကာအကွယ်တွေပေးရမှာပေါ့။”
ဥပဒေမှာ ဘယ်နေရာတွေမှာတော့ မလုပ်ရဘူးဆိုတာ ကန့်သတ်ထားတာရော ရှိပါသလား။
“သတ်မှတ်ထားတာတော့ရှိတယ်။ တချို့နေရာတွေပေါ့။ အဲ့ဒါကတော့ ဥပဒေ အသေးစိတ်ဖြစ်လာရင်တော့ သိရမှာပေါ့။ အဲ့တော့ ခွင့်ပြုထားတဲ့နေရာတွေပေါ့။”
ခွင့်ပြုထားတဲ့နေရာတွေဆိုတာ သူတို့က သတ်မှတ်ပေးတဲ့ နေရာကိုပြောတာပါလား။ ဥပမာ ရန်ကုန်မှာဆိုရင် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြချင်တယ်ဆိုရင် အဲ့နေရာတွေက ခွင့်ပြုတဲ့ထဲမှာပါလား။
“ဥပဒေမှာ ထွက်လာတဲ့အခါကျတော့ အသေးစိတ် ဘယ်နေရာပါမယ်၊ မပါဘူး ထွက်လာမှာပါ။ အခုက ဥပဒေအပြင်ဘက် နည်းဥပဒေပဲရှိသေးတာဆိုတော့။”
အန်ကယ်လည်း ဥပဒေကိုနားလည်တဲ့သူတယောက်ဖြစ်တော့ ဒီဥပဒေအရ ကျနော်တို့နိုင်ငံမှာ မိမိရဲ့ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်ပြသခွင့် အခြားနိုင်ငံတွေတန်းတူ ရပြီလို့ ပြောနိုင်ပါလား။ ဒီဥပဒေထွက်လာရင်။
“အဲ့ဒီလိုရဖို့ ဒီဂရီအားဖြင့် မြင့်မားတာတွေ။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၀ မှာပါတဲ့ လူတိုင်းလွတ်လပ်စွာ အေးချမ်းစွာ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်ရှိသည်ဆိုတဲ့ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၂၀ ကို ဒီဥပဒေကြမ်းက အသိအမှတ်ပြုပြီးတော့ လက်ခံဆောင်ရွက်လိုက်တာပါ။ လိုတာကတော့ လုပ်ရင်းကိုင်ရင်းနဲ့ ပြင်စရာရှိတာ ပြင်ရမှာပေါ့။”
အန်ကယ် ဒီဥပဒေက မကြာခင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောရင်ရမလား။
“ရပါတယ်။ လွှတ်တော်ပိုင်းဆိုင်ရာပြီးသွားပြီ။ သမ္မတဆီပို့ရုံပဲ။ တခုရှိတာက သမ္မတက ပြင်စရာရှိလို့ ပြင်ဆင်ချက်နဲ့ ပြန်ပို့ရင်တော့ ဆွေးနွေးရမှာပေါ့။ ဒါသမ္မတအပိုင်းပေါ့။ လွှတ်တော်ပိုင်းအနေနဲ့တော့ ပြီးသွားပြီ။”
အခုပြုလုပ်နေတဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေကနေ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အဓိကလိုအပ်တဲ့ ဥပဒေသုံးခု ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီထဲက အလုပ်သမားရပိုင်ခွင့်ဥပဒေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကအပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေကိုတော့ ဒီတပတ်ထဲ အပြီးသတ် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။
ကျင်းပနေတဲ့လွှတ်တော်တွေဟာ လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။