Home
မြန်မာသတင်း
ပြင်ပဒေါ်လာပေါက်ဈေးနှင့် ကွာဟချက်နည်းပါးစေရန် ဗဟိုဘဏ် ဆောင်ရွက်မည်
DVB
·
December 27, 2016
နိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးနေတဲ့ ဒေါ်လာဈေး ရည်ညွှန်းငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေးအကြား ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့  ဗဟိုဘဏ်က ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းနဲ့ နေ့စဉ် သတ်မှတ်ပေးနေတာပါ။ ဒီလိုသတ်မှတ်တဲ့နေရာမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရရှိထားတဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဝယ်ယူနိုင်စွမ်းရှိတဲ့ ပမာဏအပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရည်ညွှန်းငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေးအကြား ကွာဟချက်ကို ကျဉ်းမြောင်းလာစေဖို့ ဗဟိုဘဏ်အနေနဲ့ Interbank Market ဘဏ်အချင်းချင်းကြား အရောင်းအဝယ်ဈေးကွက် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသားများဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောပါတယ်။ “Interbank Market ဆိုတာ ဘဏ်၊ ဘဏ်ချင်း ရောင်းကြမယ်၊ ဝယ်ကြမယ်၊ စာရင်းပြောင်းကြမယ်။ ဒါတွေက မဖွံ့ဖြိုးသေးဘူး။ အဲဒီအတွက် ဒီအပေါ်မှာ ဖွံ့ဖြိုးလာအောင် နံပါတ်တစ် လုပ်ရမှာပေါ့နော်။ ဖွံ့ဖြိုးလာတဲ့အခါမှာ အဲဒီငွေလဲနှုန်းကသာ တကယ့် Reference Rate ရည်ညွှန်းနှုန်း ဖြစ်သွားမယ်။ ဒါဖြစ်သွားအောင်လည်း ဗဟိုဘဏ်က လုပ်ဖို့ရှိပါတယ်။” ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးကတော့ ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ အလုံအလောက်ရှိဖို့နဲ့ ငွေကြေးတန်ဖိုး မြင့်တက်အောင် ဈေးကစားသူတွေကိုလည်း ကိုင်တွယ်နိုင်ဖို့လိုတယ်လို့ သုံးသပ်ပြောပါတယ်။ ဘဏ်လုပ်ငန်းရှင် ဦးဖေမြင့်က “ဒီဟာက Reserve (အရန်ငွေ) ပေါ့နော်။ Reserve ပေါ် မူတည်တဲ့အခါ အိတ်စ်ပို့ ပို့ကုန်က ကြည့်ပြန်ရော။ လုံးလည်ချာလည်လိုက်နေတယ်။ ပို့ကုန် သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထဲ ပါမှာပေါ့နော်။ အဲဒါကြည့်တော့ နိုင်ငံတော်ကလည်း သူ့မှာ Reserve က ထိန်းသိမ်းထားတာ ရှိတယ်လေ။ အကုန်လုံးလည်း ရောင်းပေးလို့မဖြစ်ဘူး။ ရောင်းပေးလိုက်ရင် ကုန်သွားမှာပေါ့နော်။ ဒါကလည်း အဖွဲ့အစည်းအနေနဲ့ လုပ်လို့မရတဲ့အပိုင်းပေါ့။ အမှန်က ပြင်ပနှုန်းနဲ့ နိုင်ငံတော်နှုန်းက တူညီရင်တော့ အိုကေပေါ့။ ပြဿနာမဖြစ်ဘူးပေါ့” လို့ ပြောပါတယ်။ လက်ရှိဒေါ်လာဈေးတွေ မြင့်တက်လာတာဟာ စီးပွားရေးသမားတွေက ဒေါ်လာ ဝယ်ယူစုဆောင်းရှိနေတာနဲ့ ဘဏ်တွေက ဒေါ်လာတွေကို ဝယ်စုနေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ စီးပွားကူးသန်း၊ ကုန်သွယ်မှုသင်တန်းကျောင်း သင်ကြားရေးတာဝန်ခံ ဦးသိန်းမြင့်ဝေက “အထူးသဖြင့် ဆောက်လုပ်ရေးပေါ့။ ဆောက်လုပ်ရေးက တော်တော်လေးကို အကျဘက်ကို ရောက်သွားတဲ့အခါ ကျန်တဲ့လုပ်ငန်းတွေ ထိုင်းမှိုင်းတယ်။ အိမ်ခြံမြေတွေ ထိုင်းမှိုင်းတယ်။ အဲဒီတော့ လူတွေရဲ့ ငွေပေးငွေယူကိစ္စတွေကလည်း သိပ်ပြီး အလုပ်မဖြစ်ဘူး။ အဲဒီအခါ ဘယ်ကို သွားရိုက်ခတ်လဲဆိုတော့ ဘဏ်တွေကို သွားရိုက်ခတ်တာပေါ့။ ဘဏ်တွေမှာလည်း သူတို့မှာ တခြားကုန်ကျစရိတ်တွေ ရှိနေတယ်။ ဒီကုန်ကျစရိတ်တွေကို ကာမိဖို့အတွက် သူတို့အနေနဲ့ ဒီဒေါ်လာတွေ ဝယ်ယူပြီးတော့ နည်းနည်းကာထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါ ကျနော်မြင်တာ ပြောတာပါ။ သူတို့ အဲဒီလိုမှ မလုပ်ရင်လည်း တခြားဝင်ငွေကရဖို့ နည်းနည်းခက်နိုင်တယ်။ ဒါလေးတွေ တွေ့ရပါတယ်” လို့ ပြောပါတယ်။ စီးပွားရေးသမားတွေအနေနဲ့ ဒေါ်လာကို ကုန်ပစ္စည်းတခုလို သတ်မှတ်ပြီး အရောင်းအဝယ်လုပ်နေလို့ တိုင်းပြည်စီးပွားရေးကို ထိခိုက်တာတွေ ရှိတယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ “အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ မြေတွေမှာ ရင်းနှီးမြှုပ်နှံပြီးတော့ အကျိုးအမြတ်တွေရှိတယ်။ အခု ဒီမှာက တော်တော်လေးတန့်သွားတော့ ဒီငွေတွေက ပိုလာတဲ့အတွက် ဒေါ်လာတွေ ဝယ်ပြီးသိမ်းကြတယ်ပေါ့လေ။ အဲဒါမျိုးတွေရှိတဲ့အတွက် တိုင်းပြည်မှာလည်း ငွေကိစ္စမှာ ကမောက်ကမဖြစ်တယ်ပေါ့လေ။ ဒေါ်လာကို ကုန်ပစ္စည်းတခုလို လုပ်လိုက်တာကြောင့် တိုင်းပြည်အတွက် အများကြီးထိခိုက်တယ်” လို့ လှိုင်သာယာစက်မှုဇုန် နာယက ဦးမြတ်သင်းအောင်က ပြောပါတယ်။ လက်ရှိ ဗဟိုဘဏ်က ဒီဇင်ဘာ ၂၆ ရက်အတွက် သတ်မှတ်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၃၇၀ ကျပ်ရှိပြီး ငွေလဲကောင်တာတွေမှာ ဝယ်ဈေး ၁၃၆၀ ကျပ်နဲ့ ၁၃၈၀ ကျပ် အရောင်းရှိပါတယ်။ သတင်း - သိုက်ဇင်/ကျော်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024