နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မီးလောင်မှု အစားအသောက်နှင့် အ၀တ်အထည်များ လိုအပ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မီးလောင်မှုကြောင့် နေအိမ် ၆၇ လုံးမီးလောင်သွားပြီး မီးဘေးသင့်သူတွေအတွက် အစားအသောက်နဲ့ အ၀တ်အထည်တွေ အကူအညီလိုအပ်နေပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ဒေသ လဟယ်မြို့နယ် ယမ်းကြိမ်ရွာမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ဆိုလာပြားကနေ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၆၇ လုံး မီးလောင်ခဲ့တဲ့အတွက် အစားအသောက်နဲ့ အ၀တ်အထည်တွေ အကူအညီလိုအပ်နေတာပါ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် က “အလှူရှင်တွေ လာရောက်မှုရှိပေမယ့် လဟယ်မြို့နယ် ယမ်းကြိမ်ရွာမှာ ဝေးလံပြီး လမ်းပန်းဆက်သွယ် ရေး ခက်ခဲတာကြောင့် ကုန်ပစ္စည်းဈေးနှုန်း ထက် ၃ ဆလောက်ဈေးကြီးနေတဲ့ အတွက် အလှူရှင်တွေ အနေနဲ့ အရမ်းခက်ခဲမှုရှိတယ်။ နေအိမ်အချို့ကို စစ်တပ်က ပြန်လည် ဆောက်ပေးတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်။ လက်ရှိလမ်းတွေက ဆိုင်ကယ်တက် လမ်းတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်မွန်အောင် နိုင်ငံတော် အစိုးရအနေနဲ့ ဆောင်ရွက်ပေးစေချင်တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ လောင်ကီးရွာကနေ ယမ်းကြိမ်ရွာကို ကားလမ်းသွားလို့ မရတဲ့အတွက် လှူဒါန်းတဲ့ပစ္စည်းတွေကို လူတွေနဲ့သယ်ရပြီး ၅ နာရီလောက် လမ်းလျှောက်သွားရတယ်လို့ သိရပါတယ်။ သတင်း - အောင်ဆန်းမြင့်

More News
Up