အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက မှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ဆုံးဖြတ်လိုက်ပေမယ့် အန်အယ်လ်ဒီ ပါတီရဲ့မဟာမိတ် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေအနေနဲ့ မှတ်ပုံတင်ရေးနဲ့ရွေးကောက်ပွဲဝင်ရေး မဆုံးဖြတ်သေးဘဲရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာမှ ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စကို စဉ်းစားမယ်လို့ ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပါတီမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး ခုလို မှတ်ချက်ပေးပါတယ်။
“ဦးခွန်ထွန်းဦးတို့၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့ စသည်ဖြင့် အကျဉ်းသားတွေ လွှတ်ပေးမယ်လို့တော့ ကျနော်တို့ သိထားတယ်။ လွှတ်ပေးတဲ့အခြေအနေကို စောင့်ပြီးတော့မှ ကျနော်တို့ပါတီ အစည်းအဝေးတွေလုပ်မယ်။ လုပ်ပြီးတော့ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူးစိုင်းညွန့်လွင်တို့ မလွတ်မြောက်သေးတဲ့အတွက် ပါတီမှတ်ပုံတင်ရေး ကိစ္စ မစဉ်းစားသေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီမှတ်ပုံတင်ပါက ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာဝင်ရဖို့ရှိတဲ့အတွက် တိုင်းရင်းသားပါတီတွေအနေနဲ့ အခက်အခဲ ရှိတယ်လို့ ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။
“ပြည်နယ် ၇ ခုမှာရှိတဲ့ တိုင်းရင်းသား ဧရိယာမှာ လစ်လပ်တဲ့နေရာ သိပ်မရှိဘူးဗျ။ ပါတီမှတ်ပုံတင်ပြီးတာနဲ့ ရွေးကောက်ပွဲအနည်းဆုံး ၃ နေရာဝင်ရမယ်ဆိုတော့ ဘယ်မှာသွားဝင်မလဲဆိုတာ ပြဿနာ။ ဘာလို့လဲဆိုတော့ ကိုယ့်တိုင်းရင်းသားဒေသ မဟုတ်တဲ့အခါကျတော့ ကျနော်တို့ကို ဘယ်သူမှမဲပေးမှာလည်း မဟုတ်ဘူး။ ပြိုင်ရမှာက တစညရယ်၊ ကြံ့ဖွံ့ရယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရယ်။ ကျနော်တို့ ရွေးကောက်ပွဲ ပြိုင်တဲ့ပါတီက ၃ နေရာ ဝင်ရမယ်ဆိုတော့ အင်မတန်မလွယ်တဲ့ ကိစ္စပဲ။ ဒါကြောင့်မို့ ကျနော်တို့ ဒီတခါ မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ တိုင်းရင်းသားတွေအတွက် အင်မတန်ခက်ခဲလိမ့်မယ်။”
ဇိုမီးအမျိုးသားကွန်ဂရက်ကတော့ ပါတီမှတ်ပုံတင်ဖို့စဉ်းစားနေတယ့် အကြောင်းနဲ့ ဒါပေမယ့် ရွေးကောက်ပွဲ ဥပဒေကို ပြန်လေ့လာရဦးမယ်လို့ ပါတီဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ဆိုပါတယ်။
“ကျနော်တို့က မှတ်ပုံပြန်တင်ချင်တယ်။ ဒါက ကျနော်တို့အားလုံး သဘောတူပြီးပြီ။ ဒါပေမယ့် မှတ်ပုံတင်တာနဲ့ တပြိုင်နက် ၃ နေရာမှာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်တွေ။ ကျနော်တို့က ၃ နေရာမှာ ပြိုင်ရမယ်ဆိုရင် ကျနော်တို့ နယ်မှာ အခုလစ်လပ်တာ တခုမှ မရှိတော့ဘူး။ အဲ့လိုဖြစ်နေတော့ ကျနော်တို့ ဒါကို ရွေးကောက်ပွဲ ကော်မရှင်ကို အရင်သွားမေးပြီးတော့မှ သေချာပြီးတော့မှ တိတိကျကျ ဆုံးဖြတ်နိုင်မယ့် အခြေအနေ ရှိပါတယ်။”
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရတိုင်းရင်းသားပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရွေးကောက်ပွဲဥပဒေတွေကို မကျေနပ်လို့ ၂၀၁ဝရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီနဲ့ အတူရပ်တည်ပြီး ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားပါတီတွေဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်တွေလည်း ဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအသစ်မှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ စီအာပီပီ ဆက်လက် ထားရှိဖို့မရှိဖို့လည်း မကြာခင် အစည်းအဝေး ခေါ်ယူဆုံးဖြတ်ရတော့မှာ ဖြစ်တယ်လို့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။