တရုတ်နိုင်ငံမှ ထူးခြားလှသည့် ရိုးရာ ရေခဲပြင်ငါးဖမ်းပွဲတော် ကျင်းပ (ရုပ်သံ)

3.6K
တရုတ်နိုင်ငံရဲ့ ထူးခြားလှတဲ့ ရိုးရာရေခဲပြင်ငါးဖမ်းပွဲတော်ကို နိုင်ငံအရှေ့မြောက်ပိုင်း ဟေလောင်ကျန်းခရိုင်၊ ဒေါ်ဘော့မွန်ဂိုလီးယန်း စီရင်စုနယ်မြေထဲက လျန်ဟွမ်ရေကန်မှာ ကျင်းပခဲ့ကြပါတယ်။
ရေခဲပြင်အောက်မြှုပ်နှံထားခဲ့တဲ့ ငါးဖမ်းပိုက်ကွန်ကို ဆွဲလိုက်ချိန်မှာ ထောင်သောင်းချီတဲ့ငါးတွေ ထွက်ပေါ်လာခဲ့တာကို အံ့သြဖွယ် တွေ့ရပါတယ်။
ငါးတွေရဲ့ အရွယ်အစားဟာ အကြီးဆုံး ၂၀ ကနေ ၂၅ ကီလိုဂရမ်ထိရှိပြီး အငယ်ဆုံးအရွယ်အစားဟာ ၂ ဒသမ ၅ ကီလိုဂရမ်ထိ ရှိတာပါ။
ဒီငါးဖမ်းပွဲတော်ကနေ ဖမ်းယူရရှိမယ့် ငါးအလေးချိန်ဟာ ကီလိုဂရမ် ၅ သောင်းလောက်ရှိမယ်လို့ ဒေသတွင်း ငါးဖမ်းသမားတွေက ပြောပါတယ်။
ဒီကန်အတွင်းမှာ ဆောင်းဦးရာသီ ငါးဖမ်းပွဲတော်ကို ရှေးကတည်းက ကျင်းပလာကြတာဖြစ်ပြီး ခုချိန်မှာတော့ ရှေးရိုးရာနည်းလမ်းတွေအစား ခေတ်မီစက်ကိရိယာတွေကို အသုံးပြုလာကြပြီလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ငါးဖမ်းသမားခေါင်းဆောင်တဦးဖြစ်တဲ့ လီကီဝမ်က ငါးဖမ်းပိုက်တွေကို စနစ်တကျ ဒီဇိုင်းပြင်ဆင်ထားတာမို့ ကန်ရဲ့ ဂေဟဗေဒစနစ်ကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။
“ငါးဖမ်းပိုက်ကွက်တွေက ကြီးပါတယ်။ ဒါကြောင့် ငါးအကြီးတွေကိုပဲ ပိုက်ထဲမှာမိမှာဖြစ်ပြီး အသေးတွေကို မိမှာမဟုတ်ပါဘူး။ ဒါက ကောင်းမွန်တဲ့ ဂေဟဗေဒစနစ်ကို ထိန်းသိမ်းပေးရာ ရောက်ပါတယ်” လို့ သူက ပြောပါတယ်။
ဒီပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး သီတင်းတပတ်ကြာ ကျင်းပမှာဖြစ်ကာ လာရောက်လေ့လာကြည့်ရှုသူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။