ကေအန်ပီပီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ အလွတ်သဘောတွေ့ဆုံ
DVB
·
November 22, 2011

မြန်မာအစိုးရကို နှစ်ပေါင်းများစွာလက်နက်ကိုင်တိုက်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ် (ကေအန်ပီပီ) နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။
[caption id="attachment_18147" align="alignright" width="300" caption="ခူးဦးရယ်"]
[/caption]
နိုဝင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ကေအန်ပီပီနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ လက်ရှိ အစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြတာပါ။
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော မိတ်ဆက်ပွဲသာဖြစ်တယ်လို့ ကေအန်ပီပီ အတွင်းရေးမှူးချုပ် ခူးဦးရယ်က ပြောပါတယ်။
“ခုမှစတွေ့ကြတာဆိုတော့ လူချင်းသိကြဖို့အတွက်တွေ့ကြတာပဲ။ တဖက်ကလည်း သူတို့ ကျနော်တို့ကို တရားဝင်သဘောမျိုး လာပြီးတွေ့ကြဆုံကြဖို့သတင်းပါးတယ်။ လူချင်းတွေ့ရင်းနဲ့ ဖိတ်ကြားတယ်ဆိုတဲ့ သဘောပဲရှိသေးတော့ ကျနော်တို့ဘာအကြောင်းအရာမှ ဆွေးနွေးတာမျိုးတော့ မလုပ်သေးဘူးခင်ဗျ။”
ဒီတွေ့ဆုံပွဲမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချနိုင်မယ့် ဆွေးနွေးပွဲလုပ်ဖို့ကိစ္စ၊ အဆက်အသွယ်မပြတ်သွားဖို့ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့ ကိစ္စနဲ့ တဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကြိုတင်အကြောင်းကြားပြီး လက်နက်မဲ့ဖြတ်သန်းသွားလာခွင့် ပေးဖို့ကိစ္စတွေအတွက် ဆုံးဖြတ်ချက်ချနိုင်မယ့် ဆွေးနွေးပွဲတွေ ကျင်းပလိုတဲ့အကြောင်း အစိုးရကိုယ်စားလှယ်တွေက တင်ပြခဲ့ကြတယ်လို့သိရပါတယ်။
ဒီပဏာမတွေ့ဆုံပွဲကို ကေအန်ပီပီဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ဦးဆောင်ပြီး မြန်မာအစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပါတယ်။
ကေအန်ပီပီဟာ ယူအန်အက်ဖ်စီ ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ယူအန်အက်ဖ်စီခွင့်ပြုချက်နဲ့ ခုလိုတဖွဲ့ခြင်း ဆွေးနွေးတာလို့ ခူးဦးရယ်က ပြောပါတယ်။
“အပစ်ရပ် သဘောတူညီမှုတွေ ရတဲ့အခါမှာ ယူအန်အက်ဖ်စီအနေနဲ့ စုဖွဲ့ပြီးတော့ သွားရမယ်ဆိုတဲ့ သဘောထားတွေရှိတော့ ကျနော်တို့ အဲဒီ့ အခြေခံစဉ်းစားချက် အောက်မှာပဲ ကျနော်တို့ ရှိမြဲရှိနေသေးတယ် ဆိုတာကိုတော့ ကျနော်ပြောချင်ပါတယ်။”
ကေအန်ပီပီနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၅နဲ့၂၀၀၇ ခုနှစ်တွေမှာ နဝတ၊ နအဖစစ်အစိုးရ လက်ထက်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။
