ဟားစီးတီး ၀ – ၃ မန်စီးတီး၊ အာဆင်နယ် ၁ – ၀ ဝက်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)

1.7K
ဒီဇင်ဘာ ၂၆ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ဟားစီးတီးအသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူသွားပါတယ်။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၇၂ မိနစ်မှာ ပင်နယ်တီကနေ ကွင်းလယ်ကစားသမား တိုရေးက သွင်းယူပါတယ်။
မန်စီးတီးတိုက်စစ်မှူး အဂူရို ပွဲပယ်ခံထားရတဲ့အတွက် ဒီပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
မန်စီးတီးအတွက် ဒုတိယဂိုးကို ၇၈ မိနစ်မှာ တိုက်စစ်မှူး အီဟီရာနာချိုက သွင်းယူခဲ့ပြီး နောက်ဆုံးအပိတ်ဂိုးကို ၉၄ မိနစ်မှာ ဟားစီးတီးကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရရှိခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက်တော့ ဒီနှစ်ရာသီမှာ ၃ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဝါရင့်ကွင်းလယ်လူ တိုရေးက ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးက ၃၉ မှတ်နဲ့ အဆင့် ၂ မှာ ရှိနေပြီး ဟားစီးတီးကတော့ ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ညကပဲ ယှဉ်ပြိုင်သွားတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဘရွန်းတို့ပွဲစဉ်မှာ အာဆင်နယ်က ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။
အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၆ မိနစ်မှာ တိုက်စစ်မှူး ဂျီရူးက ခေါင်းတိုက်ပြီး သွင်းယူပါတယ်။
အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် ၂၆ ကြိမ်အထိ ရခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးခဲ့ပြီးမှ နိုင်ပွဲပြန်ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၃၇ မှတ်နဲ့ အဆင့် ၃ မှာရှိနေပြီး ဝက်စ်ဘရွန်းကတော့ ၂၃ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။