Home မြန်မာသတင်း အစိုးရဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ပလောင်ဒေသခံများ မြေယာဆုံးရှုံး
အစိုးရဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ပလောင်ဒေသခံများ မြေယာဆုံးရှုံး
map အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ စီမံကိန်းတွေကြောင့် ရှမ်းပြည်နယ်က ပလောင်ဒေသခံတို့ရဲ့ ခြံမြေတွေ အသိမ်းခံရပြီး အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးနေတယ်လို့ တအာန်းကျောင်းသားနဲ့ လူငယ်အစည်းအရုံးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
အစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံ ပလောင်တောင်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။
အစီရင်ခံစာထုတ်ပြန်ရတာနဲ့ပတ်သက်ပြီး တအာန်းကျောင်းသားနဲ့ လူငယ်အစည်းအရုံးအဖွဲ့ဝင် မိုင်ပန်လက ခုလိုပြောပါတယ်။
“ကျနော်တို့ဆီမှာ လယ်ယာမြေသိမ်းဆည်းမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားဖြစ်နေတယ်။ အဲဒါကိုလည်း သွားရောက်ပြီးတော့ ကြည့်ရှုသူမရှိဘူး။ သူတို့ဟာ ဥပေက္ခာပြုခံနေရတယ်။ အဲဒါကို ကျနော်တို့က သူတို့အသံကို ကိုယ်စားပြုပြီးတော့ ဖော်ထုတ်တာဖြစ်တယ်။”
အစိုးရက တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လက်ရှိဆောင်ရွက်နေတဲ့ ရွှေလီမြစ်ပေါ်က ရေကာတာစီမံကိန်း၊ ရှမ်းပြည်နယ်ကိုဖြတ်ပြီးဖောက်လုပ်နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ တရုတ် - မြန်မာ ရထားလမ်း စီမံကိန်းတွေအပြင် ကြက်ဆူပင် စိုက်ပျိုးရေးစီမံကိန်းနဲ့ လမ်းတိုးချဲ့ဆောက်လုပ်တာ၊ စစ်တပ်စခန်း တည်ဆောက်တာတွေကြောင့် ပလောင်တိုင်းရင်းသားတို့ရဲ့ လယ်ယာခြံမြေတွေ ဧကပေါင်း ၄သောင်း၂ထောင်ကျော် အသိမ်းခံခဲ့ရတယ်လို့ ပလောင်ကျောင်းသားအဖွဲ့က ပြောပါတယ်။
ဒီစီမံကိန်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုပေါင်း ၈၅၀၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
တအာင်းကျောင်းသားနဲ့လူငယ်များအစည်းအရုံးက ဒီအချက်အလက်တွေ သိရဖို့ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်တူ၊ မန်တုံ၊ သိန္နီ၊ လားရှိုး စတဲ့မြို့နယ်ပေါင်း ၁ဝမြို့နယ်ဒေသခံ ၅ဝဦးကို တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။
အသိမ်းခံရတဲ့မြေတွေအများစုက မိရိုးဖလာပိုင် လက်ဖက်ခြံတွေ၊ သီးနှံစိုက်ပျိုးနိုင်တဲ့ မြေတွေဖြစ်ပြီး ပြန်ရတဲ့ လျော်ကြေးက ရင်းနှီးလုပ်စားဖို့ မလောက်တဲ့အတွက် တောင်သူတွေဟာ တခြားဒေသတွေမှာ သွားရောက်အလုပ်လုပ်နေရတယ်လို့ နမ့်တူ ဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့က အစတုန်းက မသိလိုက်ဘူး။ အလံလာစိုက်သွားတယ်။ အစိုးနဲ့ တရုတ်လောပန်းတွေက၊ သိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ တောထဲအဝေးကြီး သွားလုပ်ရတာပေါ့။ ဒုက္ခတော့ အများကြီးရောက်တယ်။ ရေနဲ့လည်းဝေးတယ်။ ပြီးတော့ ဖျားနာတဲ့အချိန်ဆိုရင်တော့ မြို့နဲ့လည်းဝေး၊ ဆေးသွားကုမယ်ဆိုရင်လည်း အရင်ထက်ပိုပြီး ဝေးတာပေါ့။ ရွာသားတွေလည်း မပြောရဲဘူး။ ပြီးတော့ ကျနော်တို့ ရှိတဲ့နွားတွေဘာတွေ ဆိုရင်လည်း ရာဘာခြံထဲဝင်တယ်ဆိုပြီး လျော်ကြေးတွေဘာတွေ ပေးလိုက်ရသေးတယ်။”
အစိုးရအနေနဲ့ မြေယာသိမ်းမှုတွေ ရပ်ဆိုင်းပေးဖို့၊ ထိုက်သင့်တဲ့ လျော်ကြေးပြန်ပေးဖို့ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်မယ်ဆိုရင် ဒေသခံပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ပွင့်လင်းမြင်သာရှိဖို့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ တအာန်းကျောင်းသားနဲ့ လူငယ်အစည်းအရုံးက တောင်းဆိုထားပါတယ်။
ဆက်စပ်သတင်းများ