လွတ်လပ်ရေးနေ့အခမ်းနား လွတ်လပ်ရေးကျောက်တိုင်ရှေ့ ကျင်းပမည်
DVB
·
December 25, 2016
ရန်ကုန်မြို့မှာ ကျင်းပမယ့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးရှေ့မှာ ပြုလုပ်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပနေကျ ပြည်သူ့ရင်ပြင်မှာ ဒီနှစ် ကျင်းပမှာမဟုတ်ဘဲ ရန်ကုန်မြို့လယ်မှာရှိတဲ့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးအနီးမှာ ပြုလုပ်သွားမှာပါ။
အလံတင်တဲ့အခမ်းအနားနဲ့ လွတ်လပ်ရေးသဝဏ်လွှာ ဖတ်ကြားတာတွေကို လွတ်လပ်ရေး ရရှိခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ မှာ တဆက်တည်း ပြုလုပ်မှာပါ။ ဒါ့အပြင် မြို့နယ်အသီးသီးက တက်ရောက်မယ့် ပြည်သူ ၃၀၀၀ လောက်ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနခွဲမှူး ဦးစောနိုင်က ပြောပါတယ်။
“နိုင်ငံတော်အလံကိုလည်း လွတ်လပ်ရေးကျောက်တိုင်ကြီးကို ဦးတည်ပြီး ကျနော်တို့အားလုံး တညီတညွတ်တည်း၊ တပြိုင်တည်း အလေးပြုသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပတယ်ဆိုတဲ့အခါကျတော့ လွတ်လပ်ရေးနေ့ အဓိပ္ပာယ်နဲ့ ပိုပြီးပြည့်ဝတာပေါ့ခင်ဗျာ။ အဲဒီအပြင် အလံတွေမှာလည်း လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျှောက်မှာ ကျနော်တို့ ဘီဒီအေတို့၊ ဘီအိုင်အေတို့ခေတ်က သုံးခဲ့တဲ့ အလံတွေပါ စိုက်ထူဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။”
ထူးခြားချက်အနေနဲ့ အရပ်ဘက် လှုမှုအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေအပြင် လွတ်လပ်ရေးခေတ်က သခင်ဟောင်းကြီးတွေကိုလည်း ဖိတ်ကြားမှာဖြစ်တာကြောင့် လွတ်လပ်ရေးသမိုင်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ စည်ပင်က ဆိုပါတယ်။
“ဒီလိုမျိုးနေ့မျိုးမှာ အလေးထားပြီး လူကြီးတွေကအစ အခုလို လိုက်လုပ်ပေးတာ မြင်ရတော့ စိတ်ထဲမှာ တော်တော်တော့ ကြည်နူးတယ်ခင်ဗျ” လို့ လွတ်လပ်ရေးအခမ်းအနား တက်ရောက်ချင်သူ ကုမ္ပဏီဝန်ထမ်း ကိုအာကာမင်းက ပြောပါတယ်။
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ အလံတော်တွေအားလုံးကို ပန်းခြံထဲမှာ စိုက်ထူထားမှာဖြစ်တဲ့အပြင် လွတ်လပ်ရေးသမိုင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေ ပြသဖို့လည်း ရှိနေတာပါ။
ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ် လွတ်လပ်ရေးအခမ်းအနားဟာ မြို့လယ်ကောင်က မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးရှေ့မှာ ကျင်းပမှာဖြစ်တာကြောင့် ပြည်သူတွေကလည်း တက်ရောက်ဖို့ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။