DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုး​ရနှင့်​ ​ကေအန်ယူ ​ဆွေး​နွေး​ပွဲပြီး​ဆုံး
DVB
·
November 21, 2011
မြန်မာအစိုး​ရနှင့်​ ​ကေအန်ယူ ​ဆွေး​နွေး​ပွဲပြီး​ဆုံး
Donate to DVB

ထိုင်း​ - မြန်မာနယ်စပ်တ​နေရာမှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က စတင်ခဲ့​ကြတဲ့​ မြန်မာအစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) တို့​ရဲ့​ ​ဆွေး​နွေး​ပွဲ ဒီကနေ့​ ပြီး​ဆုံး​သွား​ပြီဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲမှာ ​ကေအန်ယူဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ် မူတူး​စေး​ဖိုး​ ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က ရထား​ပို့​ဆောင်​ရေး​ဝန်ကြီး​ ဦး​အောင်မင်း​က ဦး​ဆောင် ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။

ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကို အ​သေး​စိတ် ထုတ်​ဖော် ​ပြောဆိုခြင်း​ မရှိ​သေး​ပါဘူး​။

ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူက ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သက​ပေါက "အလွတ်သ​ဘော​တွေ့​တာပဲ။ ဒါတရား​မဝင်ဘူး​၊​ တရား​ဝင်ဖြစ်တာ မဟုတ်ဘူး​။

သူ့​ဘက် ကိုယ့်​ဘက် တီး​ခေါက်ကြည့်​တဲ့​ အဆင့်​ပဲ" လို့​ ​ပြောပါတယ်။

ကေအန်ယူအဖွဲ့​ကို ဘား​အံမြို့​မှာ ရုံး​စိုက်ခွင့်​၊​ လက်နက်မကိုင်​ဆောင်ဘဲ လွတ်လပ်စွာ သွား​လာခွင့်​၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေ လုပ်ကိုင်ခွင့်​၊​ ဗဟိုအစိုး​ရနဲ့​ဆွေး​နွေး​ခွင့်​ စတာ​တွေအပြင် ဖွဲ့​စည်း​ပုံဥပ​ဒေပြင်ဆင်​ရေး​မှာလည်း​ ပါဝင်ခွင့်​တွေ​ပေး​မယ်လို့​မြန်မာအစိုး​ရဘက်က စကား​ကမ်း​လှမ်း​ခဲ့​တယ်လို့​လည်း​ ​ကေအန်ယူက ​ပြောပါတယ်။

မြန်မာအစိုး​ရက ​ကေအန်ယူ အပါအဝင် တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေကို တဖွဲ့​ချင်း​ခွဲပြီး​ ​တွေ့​နေတာဟာ တိုင်း​ရင်း​သား​အား​လုံး​ ညီညွတ်​ရေး​နဲ့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ မရနိုင်ဘူး​လို့​ ပဒို​ဒေး​ဗစ်သက​ပေါက ​ပြောပါတယ်။

"အခုဟာက ထိုး​ခွဲ​နေတဲ့​ပုံစံမျိုး​ပဲ။ ကျ​နော်တို့​က​တော့​ ရပ်တည်ရမှာပဲ။ အပစ်အခတ်ရပ်စဲ​ရေး​က တပြည်လုံး​အတိုင်း​အတာ တိုင်း​ရင်း​သား​တွေအ​ပေါ် စစ်ပြု​နေတာ​တွေ အား​လုံး​ရပ်ပြီး​တော့​ အ​သေး​စိတ်​ဆွေး​နွေး​ရမယ်။ ​နောက်ပြီး​တော့​ အနှစ်သာရရှိရှိ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို ယူအန်အက်ဖ်စီနဲ့​ဆွေး​နွေး​..."

ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီအဖွဲ့​ကို ​ကေအန်ယူ၊​ ​ကေအန်ပီပီ (ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ)၊​ အက်စ်အက်စ်ပီပီ (ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ) နဲ့​ ​ကေအိုင်အို (ကချင်အမျိုး​သား​လွတ်​မြောက်​ရေး​အဖွဲ့​) စတဲ့​ တိုင်း​ရင်း​သား​အဖွဲ့​အစည်း​ ၁၂ ဖွဲ့​နဲ့​ ဖွဲ့​စည်း​ထား​တာပါ။

ကေအိုင်အိုကို အပြင်း​အထန် ထိုး​စစ်ဆင်​နေချိန်မှာ ကျန်အဖွဲ့​ဝင်​တွေကို မြန်မာအစိုး​ရက ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဝန်ကြီး​ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​ဟာ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​နေတဲ့​ စ​နေ​နေ့​က ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ -အာစီအက်စ်အက်စ်)၊​ စီအန်အက်ဖ် (ချင်း​အမျိုး​သား​တပ်ဦး​) တို့​နဲ့​လည်း​ သီး​ခြား​စီ​တွေ့​ဆုံပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013