Home
မြန်မာသတင်း
မုံးကိုး ကက်သလစ်ဘုရားကျောင်း လေတပ်ဗုံးကြဲမှုကြောင့် ပျက်စီးဟု ကြေညာချက်ထုတ်
DVB
·
December 24, 2016
ရှမ်းပြည်နယ်၊ မုံးကိုးမြို့က ကက်သလစ်ဘုရားကျောင်းဟာ တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတာလို့ လားရှိုးမြို့ ကက်သလစ်ဘုန်းတော်ကြီး ဖီလစ်ဇာဟောင်က ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဘက်က ဘုရားကျောင်းဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ မြှုပ်ထားခဲ့တဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က အခုလို  ကြေညာချက်ထုတ်ပြန် ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ အစိုးရတပ်က လေကြောင်းနဲ့တိုက်ခတ်ခဲ့လို့ မုန်းကိုးမြို့မှာရှိတဲ့ St.Francis Xavier ကက်သလစ်ဘုရားကျောင်း ဒီဇင်ဘာလ ၃ ရက် မနက် ၁၁ နာရီ ၃၀ မီနစ်လောက်မှာ ဗုံးဒဏ်သင့်ပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတယ်။ ဘုရားကျောင်းနဲ့ ကျောင်းဝန်းထဲကို ဗုံးဘယ်နှလုံးကျတယ်ဆိုတာတော့ မသိပေမယ့် ဗုံး ၂ လုံး ၃ လုံးတော့ ကျပုံရတယ်။ အနည်းဆုံး ဗုံးတလုံးကျခဲ့လို့ ဘုရားကျောင်း အကြီးအကျယ် ပျက်စီးခဲ့ရတာလို့ ဘုန်းတော်ကြီးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒ့ါအပြင် ဒီကိစ္စနဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဘုန်းတော်ကြီး Dau Hkawng နဲ့ ဆရာ Hkaw Sau တို့ကို စစ်ဗျူဟာဌာနမှ ဗျူဟာမှုးက ဖုန်းခေါ်ပြီး မုန်းကိုးကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့စဉ် ဘုရားကျောင်းကို ဗုံးထိမှန်ခဲ့တယ်လို့ ပြောကြောင်း၊ ဒီဘုရားကျောင်း ပျက်စီးတဲ့ကိစ္စမှာ စစ်တပ်က တာဝန်ရှိတာကြောင့် ဘုရားကျောင်းကို သူတို့ အချိန်မီပြင်ဆင် ဆောက်လုပ်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက မုန်းကိုးရဲ့အခြေအနေက အေးချမ်းသွားပြီ၊ ဘုရားကျောင်းဝင်းထဲမှာ သူပုန်တွေ လျှို့ဝှက်မြှုပ်ထားတဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုလည်း တပ်မတော်က ပြန်လည်ပြင်ဆင်တည်ဆောက်ပေးထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။ ဒီသတင်းကြောင့် တပ်မတော်က မြောက်ပိုင်းတပ်တွေနဲ့ တိုက်ခိုက်ရာမှာ ကက်သလစ်ဘုရားကျောင်းကလည်း ပါဝင်ပတ်သက်နေတယ်လို့ လူထုကို အထင်ရောက်သွားစေမှာ စိုးရိမ်တာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်းလည်း ဘုန်းတော်ကြီးက ပြောကြားထားပါတယ်။ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ စတဲ့ ၄ ဖွဲ့ပေါင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်စတင်ခဲ့ပြီး မုန်းကိုးမြို့ကိုလည်း မြောက်ပိုင်းတပ်ဖွဲ့တို့က နှစ်ပတ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ တပ်မတော်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024