Home
မြန်မာသတင်း
မြောက်ပိုင်းတပ်ဖွဲ့က လေး အပေါင်း တစ် ဆွေးနွေးပွဲလုပ်ရန် တောင်းဆို
DVB
·
December 24, 2016
မြောက်ပိုင်းတပ်ပေါင်းစုက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ ခုနဲ့ ၀ တပ်ဖွဲ့တို့ ပါဝင်တဲ့ လေး အပေါင်း တစ် ဆွေးနွေးပွဲမျိုးလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (အမ်အန်ဒီဒီအေ)၊ တီအန်အယ်လ်အေ (တအာင်းပလောင်လက်နက်ကိုင်အဖွဲ့) နဲ့ အေအေ (ရက္ခိုင့်တပ်မတော်) တပ်ဖွဲ့ ၄ ခုရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာညိုထွန်းအောင်က ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ၀ တပ်ဖွဲ့ဟာ အစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တို့ကြား စေ့စပ်ညှိနှိုင်းပေးလိုတဲ့ဆန္ဒရှိတာကြောင့် အခုလို တောင်းဆိုရတာလို့ ပြောပါတယ်။ “၀ အနေနဲ့ကျတော့လည်း မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာ သူတို့အနေနဲ့ တိုက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းဖို့အတွက် ထုတ်ပြန်ကြေညာချက်တွေ နှစ်စောင် သူတို့ ထုတ်ထားတယ်။ သူတို့အနေနဲ့လည်း ကြားဝင် စေ့စပ်ပေးဖို့ အဆင်သင့် ရှိတယ်။ အဲဒီလို တရားဝင်ကြေညာချက်ရှိတဲ့အတွက်ကြောင့် ကျနော်တို့က ၀ အဖွဲ့အစည်းကို အသိသက်သေအနေနဲ့ရော ကြားဝင်စေ့စပ်ပေးဖို့ ပုံစံမျိုးအနေနဲ့ ၀ ကို ထဲ့သွင်း ဖော်ပြရခြင်း ဖြစ်ပါတယ်။” ဒါ့အပြင် အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တရုတ်နိုင်ငံကို သက်သေအဖြစ် ပါဝင်စေလိုကြောင်းလည်း တောင်းဆိုထားပြီး အစိုးရဘက်က တစုံတရာအကြောင်း မပြန်သေးဘူးလို့လည်း သူက ပြောပါတယ်။ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က တရုတ်နိုင်ငံမှာ ဆွေးနွေးကြဖို့ ကမ်းလှမ်းထားပြီး ခရစ္စမတ်ကာလ လွန်မှပဲ တွေ့ဖြစ်ကြဖို့ များတယ်လို့လည်း မြောက်ပိုင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီအတောအတွင်း ၀ တပ်ဖွဲ့နဲ့ ယူအန်အက်ဖ်စီ အပစ်မရပ်တပ်ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာတော့ နှစ်ဘက်စလုံးက တရားဝင် ထုတ်မပြောပါဘူး၊ တရုတ်အစိုးရဘက်ကလည်း နှစ်နိုင်ငံ နယ်စပ်မှာတည်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အားလုံးနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးကြဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သတင်းလည်း ထွက်ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဒီဇင်ဘာ ၂၀ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ World Trade Center မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr.Sun Guoxiang နဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့  တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မယ်လို့  ယုံကြည်တာကြောင့် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မယ့် နည်းလမ်းကို အဆက်မပြတ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024