ရေးမြို့နယ် အားကစားဖွံ့ဖြိုးရေး ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ် ရေးမြို့မ အားကစားရုံ၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP) အရ ကျင်းပတဲ့ အလွတ်တန်း ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်နေ့က စတင်ကျင်းပနေပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ရပ်ကွက်ကျေးရွာ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ပြန်လည်ကျင်းပရခြင်းမှာ အခြေခံအကျဆုံးဖြစ်တဲ့ ပြည်သူတရပ်လုံး အားကစားကို စိတ်ပါဝင်စားလာရေးအတွက် လူထုအားကစားလှုပ်ရှားမှု အသွင်ဖြင့် ဒီပြိုင်ပွဲမှ ထူးချွန်ထက်မြတ်တဲ့ ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားများ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ပြိုင်ပွဲတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်း ၁၂ သင်း၊ အမျိုးသားစားပွဲတင်တင်းနစ် ၁၄ ဦး၊ ပြေးခုန်ပစ် အမျိုးသား အမျိုးသမီး ၄၀ ဦးနဲ့ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပိုက်ကျော်ခြင်း အမျိုးသားအလွတ်တန်း အုပ်စုပွဲ ပထမပွဲစဉ်မှာ သီရိမာလာရပ်ကွက်နဲ့ မြို့နယ်မီးသတ်ဦးစီးဌာနအသင်း-၁ တို့ ယှဉ်ပြိုင်ကစားကြပါတယ်။ ဆုပေးပွဲမှာ ပိုက်ကျော်ခြင်း ပထမဆု ၁သိန်း၊ ဒုတိယဆု ၅သောင်း၊ စားပွဲတင်တင်းနစ် ပထမဆု ၅ သောင်းကျပ်၊ ဒုတိယဆု ၃ သောင်း၊ ပြေးခုန်ပစ် ၇ မျိုးအတွက် ၁၀၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ သတင်း - နေမျိုးထွဋ်

More News
Up