စစ်တပ်အနီးရှိ နေအိမ် အဆောက်အဦများ ရွှေ့ပြောင်းခိုင်း
DVB
·
November 21, 2011
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်းပုံကျေးရွာအနီး အခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီးရှိ လူနေအိမ်နဲ့ အဆောက်အဦတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး ရွှေ့ပြောင်းဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ မြစ်ကြီးနား ဒေသခံတဦးက ပြောပါတယ်။
“၃၇ နဲ့ ကပ်လျက်ရှိနေတဲ့ နေအိမ်၊ ကြက်ခြံတွေ၊ သစ်စက်တွေအားလုံးကို နိုဝင်ဘာ ၃ဝ ရက် နောက်ဆုံးထားပြီး အားလုံး ရွှေ့ပြောင်းရမယ်လို့ ခလရ ၃၇ က အမိန့် ထုတ်ပြန်တယ်။ အဲဒီဝန်းကျင်မှာ ကိုက် ၅ဝဝ အတွင်းကို တဲတတဲမှ ရှိတာ မမြင်ချင်ဘူးတဲ့။ လယ်သမားတွေက လယ်လာစိုက်လို့ရတယ်၊ လယ်လာသိမ်းလို့ရတယ်။ ဒါပေမယ့် ညအိပ် တာမျိုး၊ နေ့လယ် နားနေဖို့အတွက် ဘာအဆောက်အဦမှ မမြင်ချင်ဘူးလို့ ပြောတယ်။”
၁၉၉၅ ခုနှစ်လောက်မှစတင်၍ အဲဒီတပ်ဧရိယာအနီးနားမှာ မြေစာရင်းဌာနက တရားဝင် ကွက်သစ်တိုးချဲ့ခဲ့ပြီးနောက်ပိုင်း မြစ်ကြီးနားနဲ့ အနီးနားဒေသခံတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်စက်တွေ လာရောက်လုပ်ကိုင် အခြေချနေကြတာလည်း ဖြစ်ပါတယ်။
အခြေကျနေပြီးဖြစ်တဲ့ အဲဒီနေရာကနေ မဖယ်ပေးချင်ပေမယ့် တပ်အမိန့်အရ ဖယ်ပေးတော့မယ်လို့ ဒေသခံက ပြောပါတယ်။
“နန်းကွေ့ကျေးရွာထဲကို ရွှေ့ပေါ့။ ဒါမှမဟုတ် နောင်းပုံကျေးရွာထဲကို ရွှေ့ပေါ့။ တပ်ဘေးမှာ မနေနဲ့ပေါ့။ သူတို့ကလည်း ခြံဝင်းလေးတွေနဲ့ နေတယ်ဆိုတော့ အခုဖယ်ပေးရမယ်ဆိုတော့ လျော်ကြေးက တပြားမှ မရဘူးလေ။ ကိုယ်နေတဲ့အိမ်ကို ဖျက်မယ်ဆိုလည်း ဖျက်ခ ကုန်ရဦးမယ်၊ နန်းကွေ့ရွာထဲမှာ သွားနေရင်လည်း ဆွေမျိုးတွေခြံထဲမှာ အိမ်သွားဆောက်နေရင်လည်း ဆောက်ခ ပြန်ကုန်မယ်လေ။ ရွှေ့ပြောင်းခ ကုန်မယ်လေ။ သူတို့က ရွှေ့ဖို့ အကုန်လုံး ဆုံးဖြတ်ကြပြီလေ။ တပ်အမိန့်ဆိုတော့လည်း ကြောက်တာကိုး။”
အခုလဆန်းပိုင်းက ခလရ ၃၇ က စစ်သည်နှစ်ဦး တပ်ဧရိယာအနီးရှိ လယ်ကွင်းတွေအတွင်း ငါးသွားရှာရမှ ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း အခုလို စစ်တပ်နားက နေအိမ်အဆောက်အဦတွေ ဖယ်ပေးဖို့ အမိန့်ထုတ်လာတာလို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။