Home
ဆောင်းပါး
အကြမ်းဖက်သမား တမီးလ်ကျားနဲ့ အမြစ်ပြတ်ချေမှုန်းရေး သင်ခန်းစာ
DVB
·
December 23, 2016
  အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ဝေါဟာရ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေး တတိယနေ့မှာ KIA,TNLA,AA နဲ့ MNDAA လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြောင်းအဆိုကို အတည်ပြုလိုက်တဲ့အခါ အပြင် နိုင်ငံရေးနယ်ပယ်မှာရှိတဲ့ အချို့က ထောက်ခံခဲ့ကြသလို အချို့က ကန့်ကွက်ခဲ့ကြတယ်။ ကန့်ကွက်ခဲ့ကြသူတွေ အဓိကစိုးရိမ်တာကတော့ NLD အစိုးရ ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တဖက်နဲ့တဖက် ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေလိမ့်မယ်၊ ယုံကြည်မှု ထိခိုက်ရင် ဆွေးနွေးပွဲတွေ အောင်မြင်မှာမဟုတ်ဘူးလို့ ယူဆကြလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဘယ်လိုဂယက်ရိုက်ခတ်နိုင်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အလားအလာ ဘယ်လိုရှိတယ်ဆိုတာ မပြောခင် အကြမ်းဖက် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အရင်လေ့လာကြည့်ကြရအောင်။ ဝီကီပီဒီယား အွန်လိုင်း စွယ်စုံကျမ်းမှာ (Terrorism) အကြမ်းဖက်ဝါဒဆိုတာကို ဒီလို ဖွင့်ဆိုထားတယ်။ Terrorism is, in its broadest sense, the use of intentionally indiscriminate violence (terror or fear) in order to achieve a political, religious, or ideological aim.[1] It is classified as fourth-generation warfare and as a violent crime[citation needed]. In modern times, terrorism is considered a major threat to society and therefore illegal under anti-terrorism laws in most jurisdictions[citation needed]. It is also considered a war crime under the laws of war when used to target non-combatants, such as civilians, neutral military personnel, or enemy prisoners of war.[2] “အကြမ်းဖက်ဝါဒ”ဆိုသည်မှာ အကျယ်ပြန့်ဆုံးသော အဓိပ္ပာယ်အရဆိုလျှင် နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် အယူဝါဒရေး ရည်မှန်းချက်တခုခုကို ထမြောက်စေရန်အတွက် တမင်ရည်ရွယ်ချက်ရှိရှိ စဉ်းစဉ်းစားစား ခွဲခြားမထားသည့် သွေးထွက်သံယို အကြမ်းပတမ်းနည်းများကို အသုံးပြုခြင်း ဖြစ်သည်။ ထိုအရာကို စတုတ္ထမျိုးဆက် စစ်ဆင်ခြင်းနှင့် အကြမ်းဖက်ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။ ယနေ့ခေတ်ကာလတွင် အကြမ်းဖက်ဝါဒကို လူ့အဖွဲ့အစည်းအား အဓိကခြိမ်းခြောက်မှုတရပ်အဖြစ် ယူဆထားကြသဖြင့် တရားစီရင်ရေးနယ်ပယ် အများစု၏ အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေများအရ တရားမဝင်ချေ။  အရပ်သားများ၊ စစ်ရေးနှင့် မသက်ဆိုင်သောပုဂ္ဂိုလ်များ သို့မဟုတ် ရန်သူစစ်သုံ့ပန်းများကဲ့သို့ စစ်ပွဲနှင့်မသက်ဆိုင်သည်များကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါက စစ်ဥပဒေများအရ စစ်ရာဇဝတ်မှုတခုအဖြစ်လည်း ယူဆကြသည်”  လို့ ဆိုထားပါတယ်။ မေရီယန်ဝက်ဘ်စတာ Learner’s dictionary မှာတော့ Terrorism ကို ဒီိလို တိုတိုတုတ်တုတ် အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ : the use of violent acts to frighten the people in an area as a way of trying to achieve a political goal “: နိုင်ငံရေးရည်ရွယ်ချက်တရပ် ပေါက်မြောက်အောင်မြင်စေရန်အတွက် ဒေသတခုအတွင်း ပြည်သူလူထု ကြောက်လန့်တကြားဖြစ်နေစေရန် အကြမ်းပတမ်းလုပ်ရပ်များကို အသုံးပြုခြင်း” ပါတဲ့။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ ပြောရမယ်ဆိုရင် မကြာသေးခင်ကာလက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ KIA, AA, TNLA နဲ့ MNDAA မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးနဲ့ မပတ်သက်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာ၊ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေကို အကြမ်းဖက်လုပ်ရပ်တွေလို့ သတ်မှတ်နိုင်သလို ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သတ်မှတ်တာဟာ မမှားပါဘူး။ ဒီလိုလုပ်ရပ်တွေကို အစိုးရတရပ်က လုပ်ကိုင်ခဲ့ ဆိုရင်တော့ State terrorism ; terrorism by a government လို့ဆိုပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို သီရိလင်္ကာက တမီးလ် ကျားသူပုန်တွေကို နှိမ်နင်းရာမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်။ ကွန်မြူနစ်တွေပြောတဲ့ အကြမ်းဖက်တော်လှန်ရေး နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အစိုးရတရပ်ကို ဖြုတ်ချတဲ့အခါမှာ အသုံးပြုကြတဲ့ အဓိကနည်းလမ်းနှစ်မျိုး ရှိပါတယ်။ တမျိုးက ဒီမိုကရေစီနည်းကျ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်သူအများစု ထောက်ခံမဲနဲ့ အနိုင်ရအောင် ကြိုးစားပြီး အစိုးရဟောင်းကို အစိုးရသစ်နဲ့ အစားထိုးတဲ့နည်း။ နောက်တနည်းကတော့ အကြမ်းဖက်လက်နက်ကိုင်တိုက်ပွဲနည်း ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကို မိမိတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက် ထမြောက်အောင်မြင်ဖို့ အသုံးပြုမယ်လို့ ဗြောင်ကြေညာခဲ့သူကတော့ ကွန်မြူနစ်ဝါဒကို စတင်မျိုးစေ့ချခဲ့တဲ့ ကားလ်မာက်စ်ပါပဲ။ ၁၈၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Manifesto of the Communist Party  မှာ ကားလ်မာ့က်စ်က ဒီလိုရေးပြီး တကမ္ဘာလုံးသိအောင် ပြောခဲ့ပါတယ်။ “The communists disdain to conceal their views and aims. They openly declare that their ends can be attained only by the forcible overthrow of all existing social conditions. Let the ruling classes tremble at a Communist revolution. The proletarians have nothing to lose but their chains. They have a world to win.” “ကွန်မြူနစ်များသည် ၎င်းတို့၏အမြင်များနှင့် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားရန် လွန်စွာစက်ဆုပ်ကြသည်။ သူတို့၏ နောက်ဆုံးရည်မှန်းချက်များသည် တည်ဆဲလူမှုရေးအခြေအနေ အားလုံးကို အင်အားသုံး အကြမ်းဖက်မှောက်လှန်ပစ်သည့်နည်းဖြင့်သာလျှင် ရရှိနိုင်မှာဖြစ်ကြောင်း ဗြောင်ကြေညာလိုက်သည်။ အုပ်စိုးသူလူတန်းစားများကို ကွန်မြူနစ်တော်လှန်ရေးဖြင့် တုန်လှုပ်ချောက်ချားနေပါစေ။ ပစ္စည်းမဲ့လူတန်းစားများတွင် တုပ်နှောင်ထားသော သံကြိုးများမှလွဲ၍ ဘာမျှဆုံးရှုံးရန်မရှိ။ သူတို့မှာ အောင်နိုင်စရာ တကမ္ဘာလုံး ရှိနေသည်။” ကားလ်မာ့က်စ်က သူ့ရဲ့နိုင်ငံရေးရည်ရွယ်ချက် ထမြောက်အောင်မြင်ရေးနည်းနာကို အဲဒီလို မလိမ်မညာ ဗြောင်ပြောဆိုကြေညာခဲ့ပေမယ့် KIA ခေါင်းဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ဝေါဟာရကို အတော်ကြောက်ပုံရတယ်။ UWSA အဖွဲ့အစည်းကလည်း အဲဒီရှမ်းပြည်နယ် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်တာ တွေ့ရတယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ခံရပြီးရင် အမြစ်ပြတ်ချေမှုန်းရေးဆိုတာ ဆက်တိုက်ဖြစ်လာတော့မှာမို့ ကျန်တဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်။ ဒါပေမယ့် KIA ကို NCA လက်မှတ်ထိုးဖို့ တိုက်တွန်းသံတော့ မကြားရသေးဘူး။ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ခံရမှာ ကြောက်တယ်ဆိုတာနဲ့ပတ်သက်ပြီး တွေးတောရင်းနဲ့ သိပ်မကြာသေးခင်ကာလကပဲ အပြီးအပိုင် အချေမှုန်းခံလိုက်ရတဲ့ သီရိလင်္ကာက တမီးလ်ကျားသူပုန်တွေအကြောင်းကို သွားသတိရမိတယ်။ မဝေးသေးတဲ့ အတိတ်က တမီးလ်ကျားသူပုန် သီရိလင်္ကာနိုင်ငံမှာ တမီးလ်လူမျိုးတွေဟာ တကယ်တော့ လူနဲစုတွေပဲ ဖြစ်ကြပါတယ်။ သူတို့ကို စိုက်ပျိုးရေးလုပ်သားတွေအဖြစ် အသုံးပြုဘို့ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတွေက အိန္ဒိယတောင်ပိုင်းကနေ သီရိလင်္ကာကျွန်း (ယခင် သီဟိုဠ်ကျွန်း)ကို ၁၈ ရာစုတုန်းက ခေါ်သွင်းလာခဲ့ကြတာပါ။ သူတို့က ဟင်ဒူဘာသာဝင်တွေ ဖြစ်လို့ သီရိလင်္ကာသားတွေနဲ့ ကိုးကွယ်မှုမှာလည်း မတူကြပါဘူး။ အစပိုင်းမှာ အရေအတွက်မများခဲ့ပေမယ့် နောက်ဆုံးမှာတော့ တမီးလ်တွေဟာ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ သီရိလင်္ကာ လူဦးရေရဲ့ ၁၃ % အထိတောင် ရှိလာပါတယ်။ ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရပြီးတဲ့နောက် ဆင်ဟာလီးစ်လို့ခေါ်တဲ့ သီရိလင်္ကာလူမျိုးတွေဟာ တမီးလ်လူနည်းစုတွေအပေါ် သူတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ လွှမ်းမိုးစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပါတယ်။  ၁၉၇၀ ခုနှစ်များပတ်ဝန်းကျင်မှာ တမီးလ်တွေက ဒါကို တရားဝင်ရော၊ တရားမဝင်ပါ ဆန့်ကျင်လာကြတယ်။ ဒီလိုဆန့်ကျင်မှုတွေဟာ ၁၉၈၀ ခုနှစ်များအစပိုင်းလောက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့တယ်။ ၁၉၈၃ ခုနှစ်လောက်မှာ တမီးလ်တွေအများစု နေထိုင်ကြတဲ့ သီရိလင်္ကာရဲ့အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြောက်ကျားစစ်ပွဲကို ပီပီပြင်ပြင် တိုက်လာခဲ့ကြပြီး တမီးလ် သူပုန်အုပ်စုတွေဟာ Liberation Tigers of Tamil Eelam (LTTE)  လို့ခေါ်တဲ့ တမီးလ်ကျားများ ဆိုတဲ့ အဖွဲ့အောက်မှာ စုစည်းလာခဲ့ကြတယ်။ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်က (Velupillai Prabhakaran) ဗီလူပီလိုင် ပရာ့ဗ်ဟာကရန်လို့ ခေါ်တဲ့ လူတော်တယောက်။ သူက တော်ပေမယ့် ရက်စက်ကြမ်းကြုတ်သူ တယောက်ပါ။ ဒီအဖွဲ့ဟာ သီရိလင်္ကာအစိုးရကို တိုက်ခိုက်ရာမှာ ပြောက်ကျားစစ်နည်းပရိယာယ်တွေကို အသုံးပြုသလို အကြမ်းဖက်တဲ့ နည်းနာပေါင်းစုံကိုလည်း တွဲဖက်အသုံးပြုခဲ့ပါတယ်။ အဓိကအားဖြင့်တော့ စစ်ဖက်ဆိုင်ရာတွေနဲ့ အရပ်သားပစ်မှတ်တွေကို အသေခံပြီး လုပ်ကြံတိုက်ခိုက်တဲ့ အကြမ်းဖက်နည်းတွေကို သုံးခဲ့တာပါ။ ဒီအဖွဲ့အတွက် ရန်ပုံငွေကို အိန္ဒိယနဲ့ အနောက်နိုင်ငံတွေမှာရှိတဲ့ ပင်လယ်ရပ်ခြား တမီးလ်လူမျိုးတွေဆီက ရရှိခဲ့ကြလို့ သူတို့ရဲ့ စစ်ရေးအကြမ်းဖက်လှုပ်ရှားမှုတွေ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့တယ်။ ပရာ့ဗ်ဟာကရန်ရဲ့ ထူးချွန်ထက်မြက်တဲ့ စစ်ရေးနည်းပရိယာယ်တွေကြောင့် လေ့ကျင့်မှုညံ့ဖျင်းတဲ့ အစိုးရတပ်တွေကို ပိုင်ပိုင်နိုင်နိုင် တိုက်နိုင်ခဲ့တဲ့အတွက် တမီးလ်ကျားတွေဟာ သီရိလင်္ကာရဲ့ ဒေသအတော်များများကို ထိန်းချုပ်နိုင်ခဲ့ကြတယ်။ ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၀ နှစ်တွေအကြားမှာ ရက်ရက်စက်စက် သွေးချောင်းစီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူဦးရေ နှစ်သိန်းခွဲလောက်ဟာ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြရတယ်။ ဒီစစ်ပွဲက သိပ်ကိုသည်းသန်ပြင်းထန်လွန်းလို့ ဒေသဆိုင်ရာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အာရုံစိုက်လာကြပြီး စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ ဖိအားပေး တိုက်တွန်းလာကြတယ်။ ၁၉၈၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲရေးရခဲ့လို့ အိန္ဒိယ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ချထားပေးခဲ့တယ်။ ဒါပေမယ့် အိန္ဒိယတပ်ဖွဲ့တွေဟာ တမီးလ်ကျားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ထိပ်တိုက်တွေ့လာရသလို ဆင်ဟာလီးစ်လူမျိုး အများစုကလည်း သူတို့ကို မယုံကြည်ကြပြန်ဘူး။ ဒါကြောင့် သေကျေဒဏ်ရာရသူ ၁၂၀၀ လောက်ရှိလာတဲ့ ၁၉၉၀ ခုနှစ်မှာ အိန္ဒိယ ငြိမ်းချမ်းရေးထိမ်းသိမ်းရေးတပ်တွေ ပြန်ရုပ်ခဲ့ကြတယ်။ ဒီလို ဝင်ရောက်စွက်ဖက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တမီးလ်ကျားတွေဟာ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဗ်ဂန္ဒီကို ၁၉၉၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ အဲဒီအမှားအတွက် တမီးလ်ကျားတွေ ပေးဆပ်ခဲ့ရတာကတော့ အိန္ဒိယ တမီးလ်လူမျိုးတွေရဲ့ ထောက်ခံမှုပဲ။ အိန္ဒိယတမီးလ်လူမျိုးတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပေမယ့် တမီးလ် ကျားသူပုန်တွေဟာ ဂရုမစိုက်ဘူး။ သူတို့ရဲ့ အကြမ်းဖက်သေနင်္ဂဗျူဟာကို ဆက်လက်ဆုပ်ကိုင်ခဲ့တယ်။ ၁၉၉၀ ခုနှစ်များအတွင်း စစ်ပြိုင်နေတဲ့ နှစ်ဖက်အကြား ဘယ်ဘက်ကမှ အသာစီးမရခဲ့ကြဘဲ စေ့စပ်ဆွေးနွေးရေးစားပွဲများကတဆင့် ယာယီအပစ်အခတ်ရပ်စဲရေးကို ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ရရှိခဲ့တယ်။ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ နှစ်ဖက်လုံးက နောက်ပြန်ဖြစ်မယ့် တိုက်ပွဲတွေအတွက် ပြင်ဆင်ခဲ့ကြတာပါပဲ။ ၂၀၀၅ ခုနှစ်ကျတော့ သီရိလင်္ကာမှာ သမ္မတ ( Mahinda Rajapaksa ) မဟင်ဒါ ရာဂျာပတ်ဆာ အစိုးရအဖွဲ့ တက်လာတယ်။ သူက တမီးလ်ကျားတွေကို ချေမှုန်းပစ်ဖို့ သန္နိဋ္ဌာန်ချထားသူပဲ။ ၂၀၀၆ ခုနှစ်ကုန်ပိုင်းလောက်ကျတော့ အစိုးရတပ်က တမီးလ်ကျားတွေကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ လန်းဆန်းတက်ကြွနေတဲ့ အစိုးရတပ်တွေဟာ သူပုန်တွေကို မညှာမတာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ပြီး အောင်ပွဲတွေ သိသိသာသာ ရလာခဲ့ကြတယ်။ စစ်ရေးအောင်ပွဲရဖို့အတွက် ရနိုင်သမျှ အကုန်ထုတ်သုံးတယ်။ နောက်ထပ် ၂ နှစ်လောက်ကြာတော့ သီရိလင်္ကာအစိုးရတပ်တွေက တမီးလ်ကျားသူပုန်တွေအပေါ် အောင်ပွဲတော်တော်များများရခဲ့တယ်။ အစိုးရတပ်မတော်က သူပုန် ထိန်းချုပ်ထားတဲ့ ဒေသတော်တော်များများကို ပြန်လည်လွတ်မြောက်စေနိုင်ခဲ့တယ်။ သူပုန်ခေါင်းဆောင် ပရာ့ဗ်ဟာကရန်က အစိုးရတပ်တွေ သူတို့ရဲ့အချက်အချာနေရာကို မသိမ်းပိုက်နိုင်အောင် မကာကွယ်နိုင်ခဲ့သလို သူကိုယ်တိုင်လည်း ၂၀၀၉ ခုနှစ် တိုက်ပွဲမှာ အသတ်ခံလိုက်ရတယ်။ နောက်ဆုံး သူပုန်တပ်တွေဟာ သီရိလင်္ကာကျွန်းရဲ့ မြောက်ပိုင်းကျွန်းဆွယ်နယ်မြေ ကျဉ်းကျဉ်းကလေးထဲမှာ အစိုးရတပ်တွေရဲ့ ချောင်ပိတ်တိုက်ခိုက်တာ ခံရပြီး ပြိုကွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၆ နှစ်ကြာခဲ့တဲ့ ပြည်တွင်းပဋိပက္ခဟာ ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့မှာ နိဂုံးကမ္ပတ် အဆုံးသတ်သွားပါတော့တယ်။ ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်သော်လည်း… အောင်ပွဲ သီရိလင်္ကာရဲ့ တမီးလ်ကျားသူပုန်တွေကို နှိမ်နင်းခဲ့မှုနဲ့ပတ်သက်ပြီး အစိုးရကို အဲဒီအချိန်က အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ လော့စ်အိန်းဂျလိစ် တိုင်းမ်စ်သတင်းထောက် မာ့က်မဂ္ဂနီယာက “ပြည်တွင်းသောင်းကျန်းမှုကို နှိမ်နင်းခဲ့တဲ့ အစိုးရတွေထဲက ရှားရှားပါးပါး အောင်မြင်မှုရခဲ့တဲ့ ပုံပြင်တပုဒ်” လို့ အမှတ်သညာပြုခဲ့တယ်။ သူရဲ့ အဲဒီဆောင်းပါးထဲမှာပဲ အိန္ဒိယရဲ့ သီရိလင်္ကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ခေါင်းဆောင်(ငြိမ်း)က တမီးလ်ကျားတွေကို နှမ်နင်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ “သောင်းကျန်းမှုနှိမ်နင်းရေး သီအိုရီတွေရဲ့အလှည့်အပြောင်း” လို့ သူ ထင်မြင်မိတယ်လို့ ဆိုပါတယ်။ သောင်းကျန်းမှုနှိမ်နင်းရေးမှာ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် အင်အားသုံးတဲ့ အကြောင်းအရာဟာ ဘလော့စာမျက်နှာတွေ ဆောင်းပါးတွေထဲမှာ ထပ်ပြန်ဝေဖန်ရေးသားစရာ ဖြစ်လာခဲ့ပြန်ပါတယ်။ သီရိလင်္ကာစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်က တမီးလ်သောင်းကျန်းမှုကို နှိမ်နင်းရာမှာ ပြင်းထန်တဲ့ စစ်နည်းပရိယာယ်တွေ ကျင့်သုံးခဲ့တာကို အမှတ်ပေးပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ တမီးလ်ကျားတွေကို အမြစ်ပြတ်ချေမှုန်းရေးကိစ္စမှာ အရပ်သားများ သေကျေအနာတရဖြစ်မှုအတွက် ထွက်ပေါ်လာတဲ့ ပူညံပူညံအသံတွေကို လျစ်လျူရှုခဲ့တယ်။ သီရိလင်္ကာကာကွယ်ရေးဝန်ကြီး ဂိုတာ ဗာယာ ရာဂျာပါ့က်ဆာက ဘီဘီစီကို ပြောကြားခဲ့တာမှာ “ကျနော်တို့မှာ ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်ရှိတယ်။ အဲဒါကတော့ တမီးလ်ကျားတွေကို ချေမှုန်းဖို့ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ…ချမယ်”  တဲ့။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ၂၀၀၉ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ အရပ်သား ၇၀၀၀ လောက်သေကျေပြီး ၁၆၇၀၀ လောက် ဒဏ်ရာအနာတရ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးကြရတဲ့ အရပ်သားတွေက စုစုပေါင်း နှစ်သိန်းလောက် ရှိလိမ့်မယ်လို့ ဆိုကြတယ်။ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့အစည်းတွေကတော့ ထိုးစစ်အတွင်းမှာ မသင်္ကာတဲ့သူတွေအပေါ် အကျဉ်းနည်း စစ်ဆေးစီရင်တာနဲ့ အရပ်သားများ ထိခိုက်အနာတရဖြစ်မှုတွေနဲ့ပတ်သက်ပြီး သီရိလင်္ကာအစိုးရကို ဝေဖန်ခဲ့ကြတယ်။ ထိုးစစ်အတွင်းမှာ အရပ်သားတွေကို အထိအခိုက်နည်းအောင် အစိုးရတပ်ဘက်က အထူးစီစဉ်ဆောင်ရွက်တာ မရှိသလို သူပုန်တွေဘက်ကလည်း အရပ်သားတွေ မထိခိုက်အောင် မကာကွယ်တဲ့အပြင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့ကြတယ်။ ဒါ့အပြင် အစိုးရတပ်မတော်ဘက်ကို ထွက်ပြေးခိုလှုံတဲ့သူတွေကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ တမီးလ်ကျားသူပုန် နှိမ်နင်းမှု အောင်မြင်ရတာနဲ့ပတ်သက်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် အိန္ဒိယ ကာကွယ်ရေးရီဗျူး ဂျာနယ်မှာ စာရေးဆရာ ဗီကေ ရှာရှီကူးမားရဲ့ “ရာဂျာပါ့က်ဆာ-မိုဒယ်” လို့ သူ မှည့်ခေါ်ထားတဲ့ အခြေခံမူ ၈ ချက်ကိုပဲ ပြောပါတော့မယ်။ ဒီအခြေခံ ၈ ချက်ကို လိုက်နာကျင့်သုံးခဲ့လို့ အစိုးရက အောင်ပွဲခံနိုင်တာပါလို့ သီရိလင်္ကာ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့…
  • political will
  • go to hell (that is, ignore domestic and international criticism)
  • no negotiations
  • regulate media
  • no ceasefire
  • complete operational freedom
  • accent on young commanders
  • keep your neighbors in the loop
နိုင်ငံရေးအရ သန္နိဋ္ဌာန်ခိုင်ခိုင်မာမာရှိမှု (တမီးလ်ကျားသူပုန်တွေကို အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ သမ္မတရဲ့သန္နိဋ္ဌာန်) - သေလိုက်ပါလား ( အဓိပ္ပာယ်မှာ ပြည်တွင်းပြည်ပဝေဖန်မှုတွေကို လျစ်လျူရှု) - လုံးဝ စေ့စပ်ဆွေးနွေးတာ မလုပ်နဲ့။ - မီဒီယာကို ထိန်းချုပ်။ - လုံးဝ အပစ်မရပ်နဲ့။ - စစ်ဆင်ရေးမှာ အပြည့်အဝလွတ်လပ်ခွင့်ပေး။ - လူငယ် ကွန်မန်ဒါတွေအပေါ် ဂရုစိုက်။ - အိမ်နီးချင်းနိုင်ငံများကို စည်းရုံး - ဝိုင်းဝန်းပါဝင်ပါစေ။ အထက်မှာ ဖော်ပခဲ့တာတွေကတော့ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးက သင်ခးစာတွေပဲ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက အကြမ်းဖက်သောင်းကျန်းသူ ဆိုတဲ့ ဝေါဟာရက အရေးကြီးတာ မဟုတ်ပါဘူး။ ဒါက သမိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် ဝင်စတန်ချာချီ ပြောခဲ့သလို “History is written by the victors” သမိုင်းဆိုတာ အနိုင်ရသူတွေက ရေးတာ ဆိုတာကို သဘောပေါက်ဖို့ပါပဲ။ အခုလည်းပဲ NLD အစိုးရနဲ့ တပ်မတော်တို့က အနာဂတ်အရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ ဖိတ်ခေါ်နေတဲ့အခါ အရိုးများသော၊ ချေးခါးသော၊ ကြေးထူမနေဘဲ ရိုးသားတဲ့ စိတ်ဓာတ်အရင်းခံနဲ့ ဆွေးနွေးအဖြေရှာကြမယ်ဆိုရင် အနိုင်မရတောင် သရေကျခဲ့ရင် သမိုင်းကို အတူတကွ သင့်တော်ရာ ဝေါဟာရတွေနဲ့ စီကုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တာကို ကိုယ့်အင်အား ထိန်းသိမ်းကြီးထွားဖို့ အခွင့်အရေးတရပ်အဖြစ် မရိုးမသား ကြံစည်နေတယ် ဆိုရင်တော့ တမီးလ်ကျားသူပုန်တွေလို ဇာတ်သိမ်းမလှ ဖြစ်ရလိမ့်မယ်လို့ ယူဆမိပါကြောင်း တင်ပြလိုက်ရပါတယ်။ ရဲထွန်း (သီပေါ) စာကိုး : Understanding Sri Lanka’s Defeat of the Tamil Tigers         by Niel A. Smith, 'Joint Forces Quarterly,' Washington, DC, No. 59, 4th Quarter, 2010       : Wikipedia အွန်လိုင်းစွယ်စုံကျမ်း ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024