ဖမ်းမိ တူရကီစစ်သား ၂ ဦးအား အိုင်အက်စ်က အရှင်လတ်လတ်မီးရှို့သည့်ရုပ်သံ ထုတ်လွှင့်

ဆီးရီးယားမှာ ဖမ်းဆီးရမိတဲ့ တူရကီစစ်သား ၂ ဦးကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဝါဒဖြန့်ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီ သွေးပျက်စရာ ရုပ်သံဗွီဒီယိုဖိုင် ထုတ်လွှင့်အပြီး နာရီပိုင်းအကြာမှာတော့ တူရကီအစိုးရက သူ့နိုင်ငံတွင်း အသုံးပြုနေတဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်နဲ့ ယူကျု အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိုးရိမ်ထိတ်လန့်မှုအရှိန် မသေသေးတဲ့ ခုလိုကာလမျိုးမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှ ခုလို ရုပ်သံဗွီဒီယိုဖိုင်တွေကို ကြည့်ရှုဖို့ မသင့်တော်တဲ့အတွက် ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရင်ကလည်း ခုလို ဝါဒဖြန့်ရုပ်သံတွေ ထုတ်လွှင့်ခဲ့ပေမယ့် ဒီတကြိမ်ကတော့ တူရကီနိုင်ငံကို စိတ်ဆိုးဒေါသထွက်စေခဲ့တာပါ။ အချိန် ၁၉ မိနစ်စာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိုင်အက်စ်စစ်သားတဦးဟာ အဝေးထိန်းခလုတ်တခုနဲ့ သေနတ်ကိုင်ရပ်နေခဲ့ကာ ဓားစားခံစစ်သား ၂ ဦးကိုတော့ မီးရှို့မယ့် ကွင်းပြင်ထဲမှာ ချိန်းကြိုးတွေနဲ့ ချည်နှောင်ထားပြီး ရပ်စေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ အဝေးထိန်းခလုတ် နှိပ်လိုက်ချိန်မှာ ချိန်းကြိုးတလျှောက် မီးဟာ တဖြည်းဖြည်းနဲ့ လောင်ကျွမ်းလာခဲ့ကာ သူတို့ဆီရောက်လာခဲ့ပြီး အရှင်လတ်လတ် မီးရှို့ပြခဲ့တာကို တွေ့ရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သတ်ဖြတ်ခဲ့တဲ့နေရာဟာ အလက်ပိုမြို့အနီးမှာဖြစ်ပြီး အသတ်ခံခဲ့ရသူ စစ်သား ၂ ဦးထဲက တဦးကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတုန်းက တူရကီနိုင်ငံတောင်ပိုင်းမှာ တူရကီစစ်တပ်နဲ့ အိုင်အက်စ် မှောင်ခိုသမားတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကာလတွင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ နောက်တဦးကတော့ အလက်ပိုအနီးမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခံရပြီး နာမည်နဲ့ ဘာကြောင့်ဖမ်းဆီးခံခဲ့ရသလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up