တပ်မတော်နှင့် အပစ်ရပ်တပ်ဖွဲ့များအကြား နယ်မြေတိတိကျကျ သတ်မှတ်မည်
ဇေယျာချမ်းအေး
·
December 23, 2016

တပ်မတော်နဲ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်မြေတိတိကျကျ သတ်မှတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက ပြောပါတယ်။
အပစ်ရပ် လက်မှတ်ရေးထိုးပြီးသား ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ မြန်မာတပ်မတော်တို့ အကြားမကြာခဏ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတာပါ။
အဲဒီဖြစ်စဉ်တွေမှာ ကြားဝင်ဖြေရှင်းပေးနိုင်ဖို့ နယ်မြေတိတိကျကျ သတ်မှတ်နိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးဝဏ္ဏအောင်က မနေ့ကရန်ကုန်မြို့ အန်အာပီစီရုံးမှာပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၂ ရက်ထိ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဖြစ်ပွားလေ့ရှိတဲ့ပြဿနာတွေရဲ့အကြောင်းရင်း ၁၅ ချက်ကို ရှာဖွေသုံးသပ်နိုင်ခဲ့တယ်လို့သိရပါတယ်။