Home
မေးမြန်းခန်း
အမျိုးသမီးတွေပဲ အဘက်ဘက်က ခံရတယ်ဆိုတော့ စစ်ပွဲတွေကို မလိုလားဘူး - မွန်းနေလီ
မောင်တူး
·
December 22, 2016
အစိုးရအနေနဲ့ တကယ်ပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် လူထုရဲ့အသံကို နားထောင်ပြီးတော့ လုပ်ဆောင်သွားပါလို့ ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) ရဲ့ ပြောခွင့်ရ မွန်းနေလီက တိုက်တွန်းပြောဆိုပါတယ်။ လက်ရှိ ကချင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေ၊ အဲဒီဒေသက လူထုတွေ ခံစားနေရတာတွေနဲ့ ပတ်သက်ပြီး မွန်းနေလီကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အခုကတော့ စစ်ပွဲတွေ ဖြစ်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်။ ဒုက္ခသည်တွေ ရှိနေတယ်။ ကချင်နယ်စပ်၊ ရှမ်းနယ်စပ်တွေမှာပေါ့နော်။ အဲဒီတွေမှာလည်း ကချင်အမျိုးသမီးအစည်းအရုံးက သွားပြီးသတင်းတွေယူ၊ ကူညီထောက်ပံ့မှုတွေ လုပ်နေတဲ့အခါကျတော့ ညီမတို့အတွေ့အကြုံပေါ့နော်။ အဲဒီနယ်မြေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာ အရင်ဆုံး စပြီးပြောပြပေးပါလား။ ဖြေ - ဟုတ်ကဲ့။ ကျမတို့ ကချင်ဒေသမှာဆိုရင် စစ်ပွဲတွေ စဖြစ်တာ ၂၀၁၁ ကတည်းကပေါ့။ အခုဆိုရင် နှစ်က တော်တော်ကြာသွားပြီပေါ့နော်။ ပြီးခဲ့တဲ့ရက်တွေမှာလည်း စစ်ပွဲတွေ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ဒုက္ခသည်တွေက အများကြီး ထွက်ပြေးနေရတယ်ပေါ့နော်။ အဲဒီထဲမှာမှ ကလေးတွေ၊ လက်နက်ကြီးတွေပစ်ပြီး အသတ်ခံရတဲ့ကိစ္စတွေ ရှိနေတယ်။ အမျိုးသမီးတွေဆိုရင်လည်း လမ်းသွားလမ်းလာ အခြေအနေမှာ ဖမ်းဆီးချုပ်နှောင် ခံရတာတို့၊ အဓမ္မပြုကျင့်ခံရတာတို့ ရှိနေတဲ့သတင်းတွေ ကျမတို့ သိနေရတယ်ပေါ့နော်။ ပြီးတော့ လူထုတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့အပေါ်မှာ တချို့ဆိုရင် ဖမ်းဆီးရိုက်နှက်ခံရတဲ့ အခြေအနေတွေလည်း အများကြီး ရှိနေတယ်။ လေယာဉ်နဲ့ပစ်တဲ့ ဗုံးတွေကြောင့် ဘုရားကျောင်းတွေ ပျက်စီးမှုတွေရှိတယ်။ ဘုရားကျောင်းမှာရှိနေတဲ့ ပြည်သူတွေ၊ ဘာသာရေးဆရာတွေ ကြောက်အားလန့်အားနဲ့ ထွက်ပြေးတိမ်းရှောင်ပြီးတော့ တခြားနိုင်ငံကို ခိုလှုံနေရတဲ့ အခြေအနေတွေ။ မေး - တခြားနိုင်ငံဆိုတာ တရုတ်ပြည်ပေါ့နော်။ ဖြေ - ဟုတ်၊ တရုတ်ပြည်ဘက်မှာပါ။ နီးတယ်၊ နယ်စပ်ဆိုတော့။ အဲဒီထဲမှာဆိုရင် အမျိုးသမီးနဲ့ ကလေးတွေက တော်တော်လေး ဒုက္ခခံနေရတယ်ပေါ့နော်။ ထွက်ပြေးရပြီဆိုတော့ ကလေးရှိတဲ့ အမျိုးသမီးဆိုရင် ပိုပြီးတော့ ဆိုးဆိုးဝါးဝါးခံရတယ်။ ခုချိန်ဆို တော်တော်အေးတယ်လေ။ အေးတဲ့ရာသီအချိန်ဆိုတော့ သူတို့မှာ အဝတ်အထည်တွေ မလုံလောက်ဘူး။ ပြီးတော့ စောင်တွေ၊ အနွေးထည်တွေ မလုံလောက်တဲ့ ကိစ္စတွေပေါ့နော်။ ဒီဒဏ်ကိုလည်း သူတို့က တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခံနေရတယ်ပေါ့နော်။ မေး - အဲဒီနေရာမှာ ကျနော် ဖြတ်မေးချင်တာကလေး၊ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ဆိုရင် ကမ္ဘာ့လူ့အခွင့်အရေးနေ့လေ။ အခု ပြောတဲ့အတိုင်းဆိုရင် နယ်စပ်ဒေသတွေမှာ၊ အထူးသဖြင့် ကချင်နယ်စပ်တွေမှာ ဒုက္ခသည်တွေ များနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ရှိနေတယ်ပေါ့။ စောစောကပြောသလို လက်နက်ကြီးနဲ့ပစ်လို့ ကလေးတွေ သေတာတို့၊ လူတွေ သေတာတို့ ဖြစ်နေတဲ့အပိုင်းတွေပေါ့လေ။ လေယာဉ်ပျံနဲ့ပစ်တယ် ဘာညာ ဆိုတာက အစိုးရဘက်ကပေါ့လေ။ ဒါပေမယ့် အစိုးရသတင်းစာတွေဘက်က၊ အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေဘက်က ပြောတော့လည်း ဒီလိုမျိုး ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာက တဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကလို့ ပြောတယ်ပေါ့လေ။ အခုလို တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ပြောပြန်တော့လည်း အစိုးရဘက်ကလုပ်တယ်လို့ ပြောတယ်ပေါ့။ အဲဒီအပေါ်မှာရော တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ပစ်တဲ့ လက်နက်ကြီးတွေရော မဖြစ်နိုင်ဘူးလား။ အစိုးရဘက်ကချည်းပဲလား။ ဘယ်လို အတွေ့အကြုံမျိုး၊ ဘယ်လို သတင်းမျိုးတွေ ရလဲ။ ဖြေ - ဟုတ်ကဲ့။ ကျမတို့ အဲဒီက ဒေသခံလူထုတွေနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါ သူတို့ရဲ့ ပြောပြချက်အရဆိုရင် လက်နက်ကြီးတွေလာတာက တပ်မတော် တပ်တွေစွဲထားတဲ့ဘက်ကလာတဲ့ လက်နက်ကြီးတွေ ဖြစ်နေတယ်ဆိုတာ သူတို့က အတိအလင်း ပြောပြတာရှိတယ်ပေါ့နော်။ ပြီးတော့ ခံရတဲ့လူထုတွေ၊ လမ်းသွားလမ်းလာတွေ စစ်ဆေးမေးမြန်းပြီးတော့ နှိပ်စက်တယ်။ ဒီကိစ္စတွေဆိုရင် သူတို့ရဲ့ ပြောပြချက်အရကတော့ တပ်မတော် စစ်သားတွေ ဖြစ်နေတယ်ပေါ့နော်။ အဲဒီလို ဖြစ်နေတယ်ဆိုတာ သူတို့ရဲ့ ပြောပြချက်အရ ကျမတို့ သိရပါတယ်။ မေး - ဒါဆိုရင် ဒီလိုမျိုး အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေ၊ ကလေးတွေ၊ လက်ရှိစစ်ပွဲတွေပေါ့နော်။ အားလုံးရဲ့ အရင်းအမြစ်ကတော့ စစ်ပွဲပေါ့။ စစ်ပွဲတွေ ရပ်တန့်ရေးအတွက်ကိုရော ဘာပြောချင်လဲ။ ဖြေ - ကျမတို့ အမျိုးသမီးထုအနေနဲ့ဆိုရင် အမျိုးသမီးတွေက တော်တော်လေးကို ခံရတယ်။ ဥပမာ ရှေ့တန်းမှာ အမျိုးသားတွေ အသေခံရတယ်။ ပေါ်တာဆွဲပြီးတော့ သေသွားတယ်၊ ထားလိုက်တော့။ အိမ်မှာကျန်ခဲ့တဲ့ အမျိုးသမီးက အိမ်ထောင်ရေးကို ဦးဆောင်ပြီးတော့ လုပ်ရတယ်။ အမျိုးသမီးတွေပဲ အဘက်ဘက်က ခံရတယ်ဆိုတော့ စစ်ပွဲတွေကို မလိုလားဘူးပေါ့နော်။ စစ်ပွဲတွေ ရပ်ဖို့အတွက်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ် တည်ဆောက်ချင်တဲ့ ရိုးသားတဲ့စိတ်ရှိပြီးတော့ မျှတတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပဖို့ အရေးကြီးတယ်ပေါ့နော်။ စစ်ပွဲတွေသာ ဆက်ရှိနေမယ်ဆိုရင်လည်း နှစ်ဦးနှစ်ဘက်ကတော့ အသေအပျောက်တွေ များတယ်။ အခုဆိုရင် ကြားနေရတာတော့ ကေအိုင်အေကို တိုက်နေတယ်ဆိုတာ လပေါင်းများစွာ ရှိလာပြီပေါ့နော်။ ဒီမှာ သေသွားတဲ့ တပ်မတော်ဘက်က စစ်သားတွေလည်း အများကြီးရှိတယ်။ ဆိုတော့ သူတို့ရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေ၊ အမျိုးသမီးတွေ ဘယ်လောက်ထိ ခံစားရမလဲဆိုတာ ကျမတို့ ကိုယ်ချင်းစာတယ်ပေါ့နော်။ ဒီလိုပဲ ထိုးစစ်တွေလုပ်ပြီးတော့ တခြားနိုင်ငံက ရန်သူလိုပဲ ဆက်ပြီးတော့ စစ်အင်အား တိုးချဲ့နေမယ်၊ တိုက်နေမယ်ဆိုရင် ဘယ်တော့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ မတည်ဆောက်နိုင်ဘူး။ အဓိကတော့ ယုံကြည်မှုပေါ့နော်။ ကျမတို့ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ယုံကြည်မှုကတော့ တယောက်နဲ့တယောက် မရှိတော့တဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်မယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာလည်း တဘက်နဲ့တဘက် ရိုးသားဖို့ရယ်၊ တယောက်နဲ့တယောက် အလေးထား ရိုသေလေးစားမှု ရှိဖို့တော့လိုတယ်။ ပြီးတော့ မျှတဖို့လိုတယ်။ ဒါတွေက အရေးကြီးတယ်ဆိုတာ ကျမတို့ မြင်ပါတယ်။ မေး - တဘက်မှာလည်း ကျနော်တို့ ကြေးမုံတို့၊ မြန်မာ့အလင်းတို့ အစိုးရထုတ်ပြန်ချက်တွေပေါ့နော်။ အဲဒီမှာဆိုရင် စစ်ပွဲတွေက အစိုးရဘက်ကပြောတော့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က အထူးသဖြင့် ကချင်တို့၊ ပလောင်တို့၊ အေအေတို့၊ ကိုးကန့်တို့ပေါ့။ အဲဒီဘက်က စတိုက်လို့ သူတို့တိုက်ရတယ်လို့ ပြောတယ်။ အစိုးရဘက်ကလည်း အဲဒီလိုပြောတယ်။ ဒီဘက်ကလည်း အစိုးရတိုက်တယ် ပြောတယ်။ အဲဒီလို နှစ်ဘက်ပြောနေတဲ့ ကိစ္စတွေမှာကျတော့ ဘာပြောချင်လဲ။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေက စတိုက်တယ်လို့ အစိုးရဘက်က ပြောတဲ့အပေါ်မှာ ဘာပြောချင်လို့လဲ။ ဖြေ - ကျမအနေနဲ့ ဒီမှာ ထောက်ပြချင်တာက ဘယ်သူဘယ်ဝါ စတိုက်တယ် ဆိုတာက ကျမတို့ ဒေသခံတွေက ပိုသိတာပေါ့နော်။ ဒေသခံတွေကနေ ၂၀၁၁  စစ်ပြန်ဖြစ်တဲ့အချိန်မှာ ကျမတို့ ကချင်ဒေသကို စစ်ကြောင်းတွေပို့နေတာ ဘယ်သူတွေ ပို့နေတာလဲ။ ဒါတွေကလည်း စဉ်းစားစရာလိုတယ်ပေါ့နော်။ ဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ လူထုတွေက ပိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတယ်ပေါ့နော်။ ဒါကြောင့်မို့ ဒီနေရာမှာ ကျမ ထောက်ပြပြီးတော့ ပြောချင်တာက တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် သတင်းအမှန်ကို ထုတ်ပြန်ဖို့ အရေးကြီးတယ်။ ဒီသတင်းအမှန်ကို ထုတ်ပြန်မှပဲ ပြည်သူလူထုတွေရဲ့ စိတ်ဆန္ဒတွေ ဘာရှိနေတယ်၊ တကယ်ဖြစ်နေတာက ဘာတွေဖြစ်နေတယ်ဆိုတာတွေက အားလုံး သိမြင်လာမှာပေါ့နော်။ စတိုက်တယ်၊ စမတိုက်ဘူးဆိုတဲ့ ကိစ္စထက် အခု တိုက်နေကြတာပဲလေ။ ကချင်ဒေသမှာရော၊ မြောက်ပိုင်းရှမ်းတွေမှာရော တိုက်နေကြတာပဲ။ တိုက်ပွဲတွေက ဖြစ်နေကြတာပဲ။ တခါတလေ အဲဒီမျိုး တိုက်တာနဲ့ပဲ သူက စတိုက်တယ်၊ စမတိုက်ဘူး ဆိုတဲ့ဟာမျိုး ကျမတို့တော့ မဝေဖန်ချင်တော့ဘူးပေါ့နော်။ စစ်ပွဲတွေက ဆက်ဖြစ်နေတဲ့အခါကျတော့လေ။ အဓိကတော့ ကျမတို့ဒေသမှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ ရှိနေတယ်။ ဒါကြောင့်မို့ ကျမအနေနဲ့ ထောက်ပြ ပြောချင်တာက ဒီလူထုတွေအပေါ် Target ထားပြီးတော့ မနှိပ်စက်ဖို့၊ မတိုက်ဖို့ အဓိက ကျမအနေနဲ့ ထောက်ပြချင်ပါတယ်။ မေး - အဲဒီနေရာမှာလည်း သတင်းအရပဲ ကျနော်တို့ မေးတာပေါ့နော်။ အခု တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ပြောတော့ အစိုးရဘက်ကနေ လူထုကိုတိုက်တယ် ပြောတယ်။ အစိုးရ သတင်းထုတ်ပြန်တဲ့ဘက်က ပြောတော့လည်း လူထုတွေကို တိုက်တာပေါ့နော်။ မူဆယ်ဘက်မှာဆိုရင် ကားသမားတွေ ပစ်သတ်တယ်တို့ပေါ့။ အဲဒါ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က လုပ်တယ်လို့ ပြောတာပေါ့။ အဲဒီလို လုံးလည်ချာလည် ဖြစ်နေတဲ့ အနေအထားပေါ့။ အဲဒီအနေအထားမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မငြိမ်းချမ်းဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ နှစ်ဘက်လုံးကို ပြောဖို့နေရာမှာ နံပါတ် ၁ ပေါ့။ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကိုရော ကချင်တို့၊ ကိုးကန့်တို့ အခုတိုက်နေတဲ့ အဖွဲ့တွေရောပေါ့ အမျိုးသမီးတွေ ကိုယ်စားပြု ဘာပြောချင်လဲ။ ဖြေ - ကျမတို့ အမျိုးသမီးအသံအနေနဲ့ ပြောချင်တာ အများကြီး ရှိပါတယ်။ အခု စစ်ဖြစ်တယ် ဆိုတာကလည်း ကိုယ့်ရဲ့ဒေသတွေမှာ စစ်ကြောင်းတွေ ပိုပြီးများလာတဲ့အပေါ်မှာလည်း ခုခံပြီးတိုက်ရတာတွေ အများကြီး ရှိတာပေါ့လေ။ အဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာလည်း အမျိုးသမီးတွေက ခံရတယ်ဆိုတာ အားလုံးလည်းအသိပါ။ ကျမတို့ အမျိုးသမီးထုအနေနဲ့ဆိုရင် တကယ်ပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် ပြည်သူလူထုတွေရဲ့အသံကို အဓိကထားပြီး လုပ်ဆောင်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျမ ပန်ကြားချင်တယ်။ အဓိက သူတို့က တော်လှန်ရေးလုပ်တယ်ဆိုတာ လူထုတွေလည်း သိတယ်၊ အားလုံး အသိအမှတ်ပြုတယ်။ သူတို့ တော်လှန်ရေးလုပ်တဲ့အပေါ်မှာလည်း လူထုတွေရဲ့အသံနဲ့ လူထုတွေရဲ့ လိုအပ်ချက်ကို အဓိကထားပြီးတော့ လုပ်ဆောင်သွားဖို့အတွက် ကျမအနေနဲ့ ပြောချင်ပါတယ်။ မေး - အဲဒီနေရာမှာ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေ ပြောပြီးတဲ့နောက် တပ်မတော်ပေါ့နော်။ ဒီနေ့မှာ အန်အယ်လ်ဒီ အစိုးရအသစ် ဖြစ်လာပြီ ဆိုပေမယ့်လည်း တပ်မတော်ကလည်း ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ နယ်စပ်လုံခြုံရေးတို့ သီးသန့် ကိုင်ထားတာတွေ ရှိတယ်ပေါ့။ တချို့နေရာတွေမှာဆိုရင် သီးခြားဖြစ်နေတာမျိုးတွေ ရှိတယ်။ အဲဒီတော့ တပ်မတော်ကိုရော အခု စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒါတွေနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) အနေနဲ့၊ ဒါမှမဟုတ်လည်း WLB နဲ့ပတ်သက်ပြီး အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အနေနဲ့ တပ်မတော်ကို ဘာပြောချင်တာ၊ ပန်ကြားချင်တာရှိလဲ။ ဖြေ - တပ်မတော်ကိုလည်း ပြောချင်တာ အများကြီး ရှိတယ်ပေါ့နော်။ ပထမအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကတော့ တရားဝင်ထုတ်ပြန်ဖို့ အရေးကြီးတယ်ပေါ့နော်။ ဒီဟာလုပ်ဖို့အတွက်ဆိုရင်လည်း တိုင်းရင်းသားဒေသတွေမှာ တိုးချဲ့ထားတဲ့ စစ်တပ်အင်အားပေါ့နော်။ ဒါတွေကို လျှော့ချပေးဖို့ လိုတယ်။ ဒီစစ်တပ်အင်အားတွေ တိုးချဲ့တဲ့အပေါ်မှာ အမျိုးသမီးတွေက အိမ်မှာနေနေတဲ့အချိန်မှာတောင် လုံခြုံမှုမရှိတဲ့ အခြေအနေ ကြုံနေရတယ်။ ဒါကြောင့်မို့လို့ တစ်အချက်အနေနဲ့ ဒါတွေကို လုပ်ဆောင်ဖို့ အရေးကြီးတယ်။ ပြီးရင် တကယ်ပဲ စစ်တပ်အနေနဲ့ တဦးနဲ့တဦး အပစ်အခတ်ရပ်စဲဖို့အထဲမှာ ယုံကြည်မှုတည်ဆောက်ဖို့က အရမ်းအရေးကြီးတယ်ပေါ့နော်။ ယုံကြည်မှုတည်ဆောက်တို့ ဆိုတဲ့အထဲမှာ ကျမတို့ ပြည်သူတွေအနေနဲ့ရော တပ်မတော်ကို ပိုပြီးတော့ ယုံကြည်လေးစားမှုရှိလာအောင် တပ်မတော်က လုပ်ဆောင်ပြရမှာ ဖြစ်တယ်။ ကျမတို့ အတွေ့အကြုံအရပေါ့နော်၊ ပြီးခဲ့တဲ့ အချိန်တွေမှာလည်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး လုပ်ခဲ့တဲ့အပေါ်မှာ သူတို့အနေနဲ့ ဒါတွေကို ဝန်ခံဖို့လိုတယ်။ သူတို့အနေနဲ့ အမှန်တရားကို ဝန်ခံပြီးတော့ ဒါ တောင်းပန်သင့်ရင်လည်း တောင်းပန်ရမယ်။ အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ့နော်။ ပြီးတော့ လက်ရှိ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ်မှာ ဖုံးကွယ်ခြင်းမလုပ်ပါနဲ့ပေါ့နော်။ တကယ် ကျူးလွန်တဲ့သူကို အပြစ်ပေးပါ။ အပြစ်ပေးတဲ့အခါမှာ အဲဒီလိုမျိုး နောက် ဆိုးဆိုးဝါးဝါး ထပ်မဖြစ်အောင် တားဆီးကာကွယ်တဲ့အနေနဲ့ လုပ်ပြဖို့လိုတယ်လို့ တပ်မတော်ကို ပြောချင်ပါတယ်။ ပြီးတော့ တတိယအချက်အနေနဲ့ဆိုရင် တပ်မတော်အနေနဲ့ တကယ်လုပ်ရမယ့် အချက်လို့ ကျမတို့ မြင်တာက တိုင်းရင်းသားပြည်သူလူထုရဲ့ အသံကို အလေးထားပြီးတော့ လေးစားလိုက်နာပေးဖို့ပေါ့နော်။  တိုင်းရင်းသားလူထုရဲ့ အသံဆိုတာကလည်း အားလုံး ခံစားချက်ကြောင့် ထွက်လာတဲ့အသံတွေ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီအသံတွေကို မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်ပြီး မနေပါနဲ့ပေါ့။ ပြီးတော့ သတင်းအမှန်တွေကို အမှန်အတိုင်း ထုတ်လွှင့်ဖို့ အရေးကြီးတယ်ဆိုတာပေါ့နော်။ ဒါမှလည်း ယုံကြည်မှု တည်ဆောက်လို့ရမယ်။ ဒါမှလည်း ကိုယ့်ရဲ့နိုင်ငံမှာ တကယ်ငြိမ်းချမ်းတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်လာနိုင်မှာ ဖြစ်တယ်ပေါ့နော်။ သတင်းအမှန်ကို ဖုံးကွယ်ထားတယ် ဆိုတာကတော့ ဘယ်သောအခါမှ ငြိမ်းချမ်းရေးဆိုတာကို မလှမ်းနိုင်ဘူးပေါ့နော်။ ဒါကို ပြောချင်ပါတယ်။ မေး - ဒီနေရာမှာ ကျနော် ကြားဖြတ်တခု မေးချင်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်က ကချင် အပါအဝင် အဖွဲ့ ၄ ဖွဲ့ကို အကြမ်းဖက်အဖြစ် သတ်မှတ်လိုက်တာ ရှိတယ်။ ဒီအပေါ်မှာ တချို့ကလည်း မကြိုက်ကြဘူးပေါ့။ ကြေညာချက်ထုတ်ပြီးတော့ ယူအန်အက်ဖ်စီတို့က ပြောထားတာလည်း ရှိတယ်။ အဲဒီလိုမျိုး အကြမ်းဖက် သတ်မှတ်လိုက်တဲ့အပေါ်မှာ ကချင်ရယ်၊ ကိုးကန့်ရယ်၊ ပလောင်ရယ်၊ အေအေရယ်ပေါ့နော်။ အဲဒီအပေါ်မှာရော ကချင်အမျိုးသမီးအစည်းအရုံးအနေနဲ့ ဘာပြောချင်လဲ။ ဖြေ - ကျမတို့အနေနဲ့ကတော့ အကြမ်းဖက်လို့ တဖက်သတ် သတ်မှတ်တယ်ဆိုတာက ဟိုးအရင်ကတည်းကပေါ့နော်။ ဒါ တော်လှန်ရေးစကတည်းက အကြမ်းဖက်တွေပါဆိုပြီး ပြောနေတာ။ ဒါပေမယ့် ကျမ ဒီမှာ ပြောချင်တာက အကြမ်းဖက်ဆိုတဲ့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက် အရေးကြီးတယ်ပေါ့နော်။ အကြမ်းဖက်ဆိုတဲ့လူတွေက ဘယ်လိုမျိုးလူတွေကို အကြမ်းဖက်သမား ဆိုပြီးတော့ ဖွင့်ဆိုလဲ။ ဒီပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ ပြည်သူလူထုရဲ့ လုံခြုံမှုကို ဂရုမစိုက်ဘဲ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဂရုမစိုက်ဘဲနဲ့ ရမ်းကားပြီးလုပ်နေတဲ့ လူတစုပေါ့နော်။ ဒါဆိုရင်တော့ ကျမတို့ အကြမ်းဖက်လို့ ပြောလို့ရတာပေါ့။ ကျမတို့ ပြည်သူတွေ အခုခံနေရတာက စစ်သားတွေ ရွာထဲကို လာတယ်ဆိုရင် ဘယ်သူ ရှိရှိ၊ မရှိရှိ သေနတ်နဲ့ချိန်ပြီး ပစ်တယ်။ ဂျာဆိုင်းအိန် ကိစ္စပေါ့နော်။ ဖားကန့်ဘက်မှာ ဖြစ်ခဲ့တဲ့ကိစ္စ။ ကျောင်းစိမ်းအင်္ကျီဖြူ ဝတ်ထားတဲ့ ကျောင်းသူမကလေး ပစ်သတ်ခံရတယ် ဆိုတဲ့ဟာတွေပေါ့နော်။ ပြီးတော့ အခုလည်း ဖားကန့်ဘက်မှာ ဆက်ပြီး ဖြစ်နေတာပေါ့နော်။ လုံခြုံရေးယူထားတဲ့ စစ်သားတွေရဲ့ ပစ်သတ်တဲ့ကိစ္စတွေ အခု ခံနေရတယ်။ ဒါ လူထုတွေပဲ ခံနေရတာပေါ့နော်။ ဒီဟာကိုရော ဘယ်လို ပြောမလဲပေါ့နော်။ ဒါတော့ မေးခွန်းအကြီးကြီး မေးစရာတွေ ဖြစ်လာတယ်။ အကြမ်းဖက်မှု ဆိုတဲ့ဟာကတော့ အဓိပ္ပာယ်က ဘာလဲ။ ဘယ်သူတွေက ဘာတွေလုပ်နေလဲ ဆိုတဲ့အပေါ်မှာပဲ ကျမတို့က သုံးသပ်ချင်တာပေါ့နော်။ မေး - ဟုတ်ကဲ့။ အခုဆိုရင် အမျိုးသမီးတွေ လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတယ်။ ဒုက္ခသည်တွေလည်း များနေတယ်။ ပညာရေးတို့၊ စားဝတ်နေရေးတို့ပေါ့နော်။ ကချင်ဒေသတွင်းမှာ ဒုက္ခသည်တွေက စားရေရိက္ခာလည်း မပြည့်စုံဘူး။ ပြဿနာတွေကတော့ အများကြီးပေါ့နော်။ ဒီကိစ္စကို ကျနော်တို့က တပ်မတော်ကိုလည်း ပြောမယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ပြောမယ်။ ပြောနေတာပဲ။ ကချင်အမျိုးသမီးအစည်းအရုံးက ဒါကို တောင်းဆိုနေတယ်။ တောင်းဆိုနေရုံလည်း ပြီးမလား။ ထိုင်းနိုင်ငံ ကချင်အမျိုးသမီးအစည်းအရုံး KWAT အနေနဲ့ လက်တွေ့ပေါ့နော်။ ဒီကိစ္စတွေ အောင်မြင်ပေါက်မြောက်အောင် ဘာတွေ လုပ်ဆောင်သွားမလဲ။ ဖြေ - ကျမတို့အနေနဲ့ ဆက်ပြီးလုပ်ဆောင်သွားဖို့ အများကြီးရှိပါတယ်။ ပြီးတော့ အစိုးရကိုလည်း ကျမ ပြောချင်တာက အန်အယ်လ်ဒီအစိုးရအနေနဲ့လည်း တဖက်သတ်ကိုပဲ လိုက်တဲ့ပုံစံ မဟုတ်ဘဲနဲ့ တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် လူထုရဲ့အသံကို နားထောင်ပြီးတော့ လုပ်ဆောင်သွားပါလို့ ကျမတို့အနေနဲ့ ဒီမှာ ပြောချင်တာပေါ့နော်။ ပြီးတော့ ကျမတို့ ကချင်အမျိုးသမီးအဖွဲ့အစည်းအနေနဲ့လည်း ပြီးခဲ့တဲ့အချိန်တွေမှာလည်း ကြိုးစားပြီး လုပ်နေခဲ့သလို အခုလည်း ကျမတို့ မြန်မာနိုင်ငံ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စနစ်ကြီး ပေါ်ထွန်းလာဖို့အတွက် ကျမတို့ ဆက်ပြီး ကြိုးစားလုပ်ဆောင်သွားမယ်။ အဲဒီထဲမှာမှ လူထုတွေကို အသိအမြင်ဖွင့် သင်တန်းတွေပေါ့နော်။ ဒါတွေ လုပ်ဆောင်သွားမယ်။ ပြီးတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီးပါဝင်လာအောင်၊ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ၊ အခု ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ များများပါဝင်လာအောင်လည်း အမျိုးသမီးလေးတွေကို စွမ်းအင်မြှင့်တင်တဲ့ကိစ္စတွေ၊ သူတို့ကို ပိုပြီးအားပေးအားမြှောက်တဲ့ကိစ္စတွေ၊ သူတို့လိုအပ်နေတဲ့ သတင်းအချက်အလက်တွေ ပေးပို့တဲ့ကိစ္စတွေ ကျမတို့ ဆက်ပြီး လုပ်ဆောင်သွားမယ်ပေါ့နော်။ ပြီးတော့ တချိန်တည်းမှာပဲ စည်းရုံးလှုံ့ဆော်ရေးတွေ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက်၊ ပျော်ရွှင်တဲ့နိုင်ငံ ဖြစ်လာဖို့အတွက် ကျမတို့ နိုင်ငံတကာရော၊ ပြည်တွင်း ပြည်ပရော ကျမတို့ စည်းရုံးလှုံ့ဆော်ရေးတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်။ ကချင်ဒေသမှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အမှန်တရားတွေကို ကျမတို့ ဆက်ပြီးပြောပြ၊ တင်ပြ ထုတ်ဖော်သွားမှာပေါ့နော်။ မေး - ဟုတ်ကဲ့။ ကချင်အမျိုးသမီးထုကိုလည်း ပါမယ်။ ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံအမျိုးသမီးထုကိုလည်း ပါမယ်။ အားလုံးကိုပေါ့နော်။ အခုဆိုရင် ၂၀၁၆ လည်း ကုန်တော့မယ်။ မှတ်မှတ်ရရအနေနဲ့ ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကနေတဆင့် လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပွဲရပ်စဲရေးတွေ၊ မြန်မာ့ငြိမ်းချမ်းရေးတွေအတွက် ဘာများ မှာကြားချင်တာ၊ ပြောကြားချင်တာ ရှိပါသလဲ။ ဖြေ - ဟုတ်ကဲ့။ တချက်ပဲရှိပါတယ်။ ဒီအမျိုးသမီးထုပေါ့နော်။ ကချင်အမျိုးသမီးတွေ အပါအဝင် အမျိုးသမီးထုတွေကို ကျမ ပြောချင်တာက ဒီအမျိုးသမီးထုရဲ့ အင်အားနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုအတွက် လုပ်ဆောင်နိုင်ဖို့တော့ အရေးကြီးတယ်ပေါ့။ အမျိုးသမီးထု ပါဝင်မှပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ ကျမတို့ ကြိုးစားနိုင်မယ်ဆိုတာ သိတယ်။ ဒါကြောင့်မို့ ကြောက်နေရမယ့်အချိန် မဟုတ်တော့ဘူး။ အခုအချိန်က ပွင့်လင်းမြင်သာတဲ့အချိန် ဖြစ်တယ်။ ကြောက်နေပြီးတော့လည်း အလုပ်မပြီးဘူး။ အားလုံး ဝိုင်းဝန်းပြီးတော့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ပြီး မြန်မာနိုင်ငံကြီး တကယ်ငြိမ်းချမ်းတဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရဖို့အတွက် ကြိုးစားကြရအောင်ဆိုတာ ပန်ကြားချင်ပါတယ်။ မေး - ဟုတ်ကဲ့။ နောက်ဆုံးအနေနဲ့ပေါ့နော်။ စောစောက အစိုးရကို ပြောလိုက်ပြီပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကိုလည်း ပြောလိုက်ပြီပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတာက တချိန်တုန်းက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တယ်။ အမျိုးသမီးခေါင်းဆောင်၊ မြန်မာ့လူထုခေါင်းဆောင်ပေါ့နော်။ သူက အခု နိုင်ငံတော်၏အတိုင်ပင်ခံ ဆိုပြီးတော့ ထိပ်ဆုံးမှာ ရောက်နေတယ်။ သူက စစ်ပွဲကိစ္စတွေနဲ့ပတ်သက်လို့ ပြောဆိုတာတွေလည်း ရှိတယ်ပေါ့နော်။ တချို့ကလည်း သိပ်ပြီးတော့ အပြောနည်းတယ်လို့ ပြောတာတွေ ရှိတယ်။ နောက်ဆုံးအနေနဲ့ ကချင်နယ်မြေ၊ ရှမ်းနယ်မြေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးထုကို ကိုယ်စားပြုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလို့ရမယ်ဆိုရင် ဘယ်လို ပြောချင်လဲ၊ တောင်းဆိုချင်လဲ။ ဖြေ - နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော် သူက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆုကို ရထားတဲ့ အမျိုးသမီးခေါင်းဆောင်တဦးလည်း ဖြစ်တယ်ပေါ့နော်။ အားလုံးလည်း လေးစားတယ်။ ဒါကြောင့်မို့လည်း ပြည်သူတွေက တကယ်ပဲ ယုံကြည်အားကိုးလို့၊ ကျမတို့နိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက်ကို အားလုံးက အားကိုးနေတယ်ပေါ့နော်။ ပြည်သူတွေ အားကိုးနေတဲ့ကိစ္စကို အမှုမဲ့အမှတ်မဲ့ မလုပ်ဘဲနဲ့ ကြိုးစားပေးဖို့ ကျမ ပြောချင်တယ်။ ပြီးတော့ ကချင်ဒေသမှာ ဖြစ်နေတဲ့၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ အခြေအနေပေါ့နော်။ စစ်ပွဲတွေကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိစ္စ ဒါတွေကို ထုတ်ဖော်ပေးပါ။ ထုတ်ဖော်ပြောဆိုပြီးတော့ တရားမျှတမှုဖြစ်လာအောင် စွမ်းဆောင်ပေးပါပေါ့နော်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်တယ်ပေါ့နော်။ အားလုံးကလည်း သူ့ကို လေးစားတယ်ဆိုတော့ ဒီအမျိုးသမီးတွေက သူ့ဘက်မှာ အများကြီး ရပ်တည်နေတယ်။ ဒီလိုမျိုး ရပ်တည်နေတာကို အလဟဿမလုပ်ပါနဲ့ပေါ့နော်။ ဒါကြောင့်မို့လို့ တကယ်ရပ်တည်ပေးနေတာကို မားမားမတ်မတ်နဲ့ ရှေ့တန်းကနေ ဟိုအရင်းကတည်းက သူ လူထုရဲ့ခေါင်းဆောင် ဖြစ်ခဲ့တုန်းက ကြိုးစားခဲ့သလိုပဲ ဒီအမှန်တရားကို ထုတ်ဖော်ပြီး ကြိုးစားပေးပါလို့ ပြောချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024