တရားဝင်တင်ပို့ကုန် ရာဘာကုန်ကြမ်းများကို သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ဖမ်းဆီးနေ
DVB
·
December 21, 2016
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်ပကို တရားဝင်တင်ပို့ခွင့်ပြုထားတဲ့ ရာဘာကုန်ကြမ်းတွေကို သစ်တော ထွက်ပစ္စည်းအဖြစ် အာဏာပိုင်အဖွဲ့က အခွန်ကောက်ခံ ဖမ်းဆီးတာတွေရှိနေတဲ့အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ရာဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။
အခု ဒီဇင်ဘာလ ပြီးခဲ့တဲ့ အပတ်က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို သယ်ယူလာတဲ့ ရာဘာတွေကို ကလေးခရိုင် မင်းကင်းမြို့ဂိတ်က စစ်ဆေးရေးအဖွဲ့က သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ပြီး ဖမ်းဆီး ခဲ့တာလို့ သိရပါတယ်။
ရာဘာပင်ကို စိုက်ပျိုးရေးထွက်ကုန်အနေနဲ့ သတ်မှတ်ထားပြီး ရာဘာထွက်ကုန်ကြမ်းတွေကို နိုင်ငံ အနှံ့ လွတ်လပ်စွာ သယ်ယူခွင့်ကို တရားဝင် ခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက် ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အသင်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ ရာဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်း တို့မှာ အဓိက စိုက်ပျိုးကြနေကြတာပါ။
သတင်း - AMIA