လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦး လွတ်မြောက်
နေသွင်
·
November 19, 2011

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး အင်းစိန်ထောင်ကနေ မနေ့က ပြန်လည် လွတ်မြောက်လာပါတယ်။
ပြည်ပရောက် ရခိုင်ကျောင်းသားအဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတဲ့ ကိုခိုင်ကျော်မိုးနဲ့ ကိုသော်ထွန်းနိုင်တို့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတာပါ။
အမှုတွဲဖြစ်တဲ့ သူတို့ နှစ်ယောက်စလုံး အင်းစိန်ထောင်မှာ ၂ နှစ်ခွဲနီးပါး နေခဲ့ရပါတယ်။
အင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားအများစုဟာ မကြာခင်မှာ လွတ်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်လို့ ကိုခိုင်ကျော်မိုးက ပြောပါတယ်။
“နောက်ဆုံး အင်းစိန်ထောင်မှာ ရှိတဲ့ အခြေအနေကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးရော၊ နှစ်ကြီးကျတဲ့ သာမာန် အကျဉ်းသားတွေကရော လွတ်ငြိမ်းချမ်းသာခွင့်သတင်းကိုပဲ မျှော်လင့် စောင့်စားနေကြတာပါ။ ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအကျဉ်းအကျပ်ထဲက လွတ်ရက်စေ့လို့ လွတ်လာလို့ ကျေနပ်ပေမယ့် ကျန်တဲ့သူတွေ ပါရင် ပိုပျော်တာပေါ့ဗျာ။”
လွန်ခဲ့တဲ့ ၃ ရက်ကတော့ ကလေးထောင်ကနေ အရှင်ဂမ္ဘီရအင်းစိန်ကို ပြောင်းလာပြီး စစ်ခွေးတိုက်မှာထားတယ်လို့ ကြားတယ်လို့ ကိုခိုင်ကျော်မိုးက ပြောပြပါတယ်။
အောက်တိုဘာလကုန်ပိုင်းက အင်းစိန်ထောင်၊ ၅ ဆောင်တိုက်က နိုင်ငံရေး အကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်လို့တော့ ၅ ဆောင်ကနေ ပြန်လွတ်လာတဲ့ ကိုသော်ထွန်းနိုင်က အခုလို ပြန်ပြောပါတယ်။
“အစာငတ်ခံ ဆန္ဒပြတုန်းက ၅ အဆောင်တိုက်က ၇ ယောက်ပါတယ်။ နောက်ဆုံး အခြေအနေက လျော့ရက်တောင်းတဲ့ကိစ္စ လိုက်လျောမှု မပေးဘူးပေါ့ဗျာ။ စလုပ်တဲ့နေ့က ၁၆ ရက်နေ့က စလုပ်တယ်။ ၁၄ ရက် နေလိုက်ပြီးတော့မှ သပိတ်လှန်လိုက်တာ။ အဲဒါ လုပ်ပြီးတော့ သူတို့ကို အဆောင်တွေ ပြောင်းပစ်လိုက်တယ်။”
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၅၀ နီးပါးရှိတယ်လို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ဆိုပါတယ်။
မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅၀၀ ၀န်းကျင် ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဆိုပါတယ်။
