DVB Logo
Home
မြန်မာသတင်း
က​ချင်​မိသားတစု ဖမ်း​ဆီး စစ်​ဆေး​ခံရ
DVB
·
November 19, 2011
Donate to DVB

နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်စန့်ကုန်း​ ​ကျေးရွာနေ ကချင်မိသားစုတစု အပါအဝင် ကျေးရွာသား ၉ ဦးကို နယ်မြေခံစစ်တပ်နဲ့​ ​ပြည်သူ့စစ်အဖွဲ့အင်အား ၃ဝ လောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီခေါ်ဆောင်သွားတဲ့အထဲက ပလောင်အမျိုးသားဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်း၊ မိုင်လုံနဲ့ ကချင်မိသားစုဝင်တွေဖြစ်တဲ့​ ​ဒေါ်မာဂျီနဲ့​ ​ယော်ထန်းဆိုသူကိုတော့​ ​ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  ယော်ဇုန်း အသက် ၄ဝ၊ ယော်တိန် ၃၅ နှစ်၊ ယော်ဆောင်း ၃၂ နှစ်၊ အောင်မိုင်၊ ၃၅ နှစ်၊ မာဒွတ် ၃ဝ နှစ်တို့ ၅ ဦးကိုတော့ နတ်စင်ကုန်း စစ်တပ်စခန်းအတွင်း အပြင်းအထန် ရိုက်နှက် စစ်ဆေးတာတွေ ခံနေရတယ်လို့ ပြန်လွတ်လာသူ တရားဟောဆရာ ဦးမောင်သန်းက ပြောပါတယ်။

“ဟိုမှာရောက်တဲ့ခါကျတော့ ငါးယောက်လုံးက အရိုက်ခံရတယ်ဗျ။ နှစ်ယောက်က သတိတောင် လစ်သွားတယ် ပြောတယ်။ အဲဒီ ၅ ဦး ရှိသေးတယ်၊ အားလုံး အိမ်ထောင်သည်တွေပါ။ ညီအကိုတွေ၊ ယောက်ဖတွေ၊ ဒီကောင်တွေက တမိသားစုပါဘဲဗျ။ အရိုက်ခံရတဲ့ သူ့တို့အမေကြီးက မုဆိုးမဗျ။ ​နောက်တယောက်​ ​ယော်ထန်း၊ ပြန်လာပြီ။ ​ယော်ထန်လည်း ဒေါ်မာဂျီနဲ့ ဆိုင်တယ်လေ။ သူ့သားအငယ်ဆုံး။ ယော်ထန်ကတော့ အရိုက်မခံရဘူး။ မိုင်းလုံလည်း အရိုက်မခံရဘူး။ သုံးယောက် လွတ်ခဲ့တယ် ဒီမနက်။ ဒီအဖွားကြီးပဲ​ အရိုက်ခံရတယ် မနေ့က။ အသက်က ၆ဝ ကျော်ရှိပြီ။ ပါးမှာ နည်းနည်း ယောင်နေတယ်ဗျ။”

အသက် ၇ဝ ကျော်ရှိပြီဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်းကိုတော့ စစ်သားတွေက  ကြိုးတုတ်တာ၊ ရိုက်နှက်တာတွေ မလုပ်ဘဲ အဲဒီ ကချင်မိသားစုဝင်တွေ အကြောင်းကိုသာ မေးမြန်းခဲ့ပြီး အဲဒီနေ့ ညနေပိုင်းကပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော့်မိသားစု သားသမီးတွေကိုပဲ မေးတယ်ဗျ။ တခြားကိစ္စ ဟိုကောင်တွေကလည်း ကျနော်အိမ်နီးချင်းတွေဆိုတော့ ဟိုကောင်တွေ အကြောင်းကို မေးတယ်ဗျ။ ဟိုလူငယ် အကြောင်းတွေ မေးတယ်ဆိုတော့ ရှင်းရှင်းပဲ ပြောတာပဲ။ ကျနော်မျက်စိမှာ မြင်ရသလောက် အဲလို အဲလိုပါလို့။ ကျနော်မျက်စိအောက်မှာတော့ သူတို့က လက်လုပ်လက်စားပဲ။ ကြုံရာကျပန်း အလုပ် လုပ်နေကြတဲ့သူတွေ။ ကျနော်တို့ သိရသလောက်ဆို ဘာမှ မပတ်သက်ဘူးဗျ။”

အဲဒီဒေသအတွင်း ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် တပ်မတော်)တို့ ဝင်ရောက် လှုပ်ရှားနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာခင်က နမ်းခမ်းရဲစခန်းရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ဒေသအတွင်း မသင်္ကာတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013