Home
မြန်မာသတင်း
ဘုတ်ပြင်းရေပိုင်နက်အတွင်း မူးယစ်ဆေး သိန်း ၁ သောင်းကျော်ဖိုး ဖမ်းမိ
DVB
·
December 18, 2016
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းရေပိုင်နက်အတွင်း ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်၊ ညနေ ၆ နာရီခွဲအချိန်လောက် ဘုတ်ပြင်ရေပိုင်နက်အတွင်းရှိ ရေဒါကြည့် ကင်းတာဝန်ထမ်းဆောင်နေတဲ့ စစ်ရေယာဉ်အမှတ် ၅၆၆ က မသင်္ကာဖွယ်စက်လှေတစီးအား မီးအချက်ပြခေါ်ယူစဉ် အဆိုပါစက်လှေက ဆက်လက်မောင်းနှင်ထွက်ပြေးလို့ လိုက်လံဖမ်းဆီးခဲ့တယ်လို့ စစ်ရေယာဉ်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အနောက်စူလာကျွန်း အနောက်မြောက်ဘက် (၅ ဒသမ ၅) မိုင်လောက် အကွာမှာ "ကျေးဇူးတော်(၁၂)အမည်ရှိ စက်လှေ (စိမ်ပိုက်ငါးဖမ်းလှေ) ပေါ်မှာ တထုပ်ကို ၁ ကီလိုဂရမ် အလေးချိန်ရှိ China Tea စာတမ်းပါ ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ အဖြူရောင်အမှုန့် "ကက်တမင်း"(Ketamine) မူးယစ်ဆေး (၉၄၀) ထုပ် (ကာလတန်ဖိုး သိန်းတသောင်းရှစ်ထောင့်ရှစ်ရာ) အား စက်လှေပေါ်ပါ (ကျား) ၁၁ ဦးနဲ့အတူ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။ စက်လှေပေါ်ပါ လူတွေကို စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးမိတဲ့ လှေပေါ်ပါ မူးယစ်ဆေးရဲ့ ပိုင်ရှင်မှာ ဖျာပုံမြို့(၅)ရပ်ကွက်၊ (၄)လမ်းနေ ဦးကျော်မြင့်(ခ)ခိုင်ထွန်း (၁၃/သပန(နိုင်)၀၃၇၃၆၂) ဆိုသူဖြစ်ကြောင်း သိရပါတယ်။ သူတို့လှေရဲ့ ဖျာပုံမြစ်အတွင်း ကျောက်ချထားစဉ် မူးယစ်ဆေးတွေကို ဦးငယ်လေး (ဦးကျော်မြင့်၏ကိုယ်စားလှယ်)မှ လှေငယ်တစီးနဲ့ လာရောက်တင်ဆောင်ပေးခဲ့ကြောင်း၊ ပင်လယ်ပြင်မှာ တဖက်နိုင်ငံကနေ ပစ္စည်းတွေ လာရောက်သယ်ယူမယ့် လှေနဲ့ ချိတ်ဆက်ကာ ပို့ဆောင်ပေးဖို့ မောင်းနှင်လာစဉ် ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါအမှုကို မြိတ်မြို့နယ်ရဲစခန်းမှ မယ (ပ)၁၈၈/၂၀၁၆ မူး/ စိတ်၊ပုဒ်မ ၁၅/၁၉(က)/၂၀(က)၂၁ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - မြတ်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024