ကိတ်မုန့်ပေါ် ပန်းချီအနုပညာ ရေးဆွဲဖန်တီးသည့် ဆားဗီယားကျောင်းသား (ရုပ်သံ)

1.3K
ဆားဗီးယားနိုင်ငံက အသက် ၂၃ နှစ်အရွယ် ဂရက်ဖစ်ဒီဇိုင်း ကျောင်းသား ဆာရှာအလက်ဆစ်က်ဟာ အမတန် ထူးခြားသစ်လွင်တဲ့ စိတ်ကူးစိတ်သန်းတခုအနေနဲ့ လက်ရာမြောက်တဲ့ အနုပညာတွေနဲ့ ကိတ်မုန့်ဖုတ်တာကို ပေါင်းစပ်ဖန်တီးခဲ့တယ်လို့ စီစီတီဗီသတင်းမှာ ဖော်ပြထားပါတယ်။
ဗင်းဆင့်ဗင်ဂိုး၊ ရှီလာတို့ရဲ့ ပန်းချီတွေလို အချို့လက်ရာမြောက် ပန်းချီအနုပညာတွေကို ကင်ဗက်စတွေပေါ်မှာ မဟုတ်ပဲ မုန့်တွေရဲ့ပေါ်မှာ ရေးဆွဲပြီး သူက ကိတ်မုန့်တွေနဲ့ ကွတ်ကီးတွေကို ပြုလုပ်ဖန်တီးခဲ့တာပါ။
သူရဲ့တီထွင်ဖန်တီးမှုဟာ ဆားဗီးယားနိုင်ငံမှာ ထင်ပေါ်ကျော်ကြားနေပါတယ်။
“ဒါတွေကတော့ မုန့်လုပ်ပြိုင်ပွဲတွေမှာ ကျနော်ရခဲ့တဲ့ ဆုတံဆိပ်တွေပါ။ ပြီးခဲ့တဲ့နှစ်ကစလို့ ကျနော် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တယ်။ ခုဒါကတော့ ရလဒ်ပေါ့။”
ဆာရှာဟာ သူ့အိမ်ရဲ့ မီးဖိုချောင်အခန်းသေးထဲမှာ အားလပ်ရက်တွေအတွင်း ဒီလိုအနုပညာနဲ့ ပုံဖော်ထားတဲ့ ကိတ်တွေကို ဖန်တီးခဲ့တာပါ။
ဆာရှာက ဒီစိတ်ကူးကို လွန်ခဲ့တဲ့ တစ်နှစ်က ရခဲ့တာဖြစ်တယ်။ ဘဲဂရိတ်ဒ်မှာ ကျင်းပတဲ့ အစားအသောက်ပွဲတော်မှာ ဒီစိတ်ကူးကို စရခဲ့တယ်၊ အဲ့ဒီအချိန်မှာ လူတွေ ဒီမှာဘယ်တုန်းကမှ မမြင်ဘူးတဲ့ ကိတ်မုန့်မျိုးကို ပြုလုပ်ဖန်တီးချင်လာတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စတင်ပြီး ဗင်ဂိုးရဲ့ ပန်းချီလက်ရာအတိုင်းပါတဲ့ စံနမူနာ ကိတ်မုန့်တစ်လုံးကို ဖန်တီးပြီး မုန့်ဖုတ်ခဲ့တယ်၊ လက်တလော ဆာရှာဟာ ခရစ္စမတ်ရဲ့ အထိမ်းအမှတ်အမှတ်အသားတွေဖြစ်တဲ့ ဆန်တာကလော့ပုံ၊ နှင်းလူသားပုံတွေပါတဲ့ ကွတ်ကီးတွေ လုပ်နေတယ်လို့ သတင်းက ဖော်ပြထားပါတယ်။
ခုချိန်မှာတော့ မုန့်ဖုတ်ပြိုင်ပွဲတွေအတွက်နဲ့ အစားအသောက်ပွဲတော်တွေအတွက်သာ ဒီလိုကိတ်မုန့်တွေ ကွတ်ကီးတွေကို ဖန်တီးနေပေမယ့် တနေ့မှာတော့ မုန့်ဆိုင်လေး တဆိုင်ဖွင့်သွားမယ်လို့ ဆာရှာက ပြောခဲ့ကြောင်း စီစီတီဗီသတင်းမှာ ဖော်ပြထားပါတယ်။