DVB Logo
Home
မြန်မာသတင်း
ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ
DVB
·
November 18, 2011
ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကို ပါတီမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ မှတ်ပုံတင်မှာဖြစ်ပြီး ​နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက်​ ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ကြောင်း အန်အယ်လ်ဒီပါတီက ကြေညာလိုက်တယ်။

ပါတီ​ မှတ်ပုံတင်ရေး​ မတင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ပါတီဗဟိုဌာနချုပ်မှာ  ပြည်နယ်နဲ့ တိုင်းအသီးသီးက​ ဗဟိုဦးစီးအဖွဲ့တွေ နိုဝင်ဘာ ၁၈​ ရက်က အစည်းအဝေးအပြီး ခုလို ဆုံးဖြတ်လိုက်တာပါ။ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ တညီတညွတ်ထည်း ချမှတ်လိုက်တာလို့လည်း အန်အယ်လ်ဒီ​ ​ကြေညာချက်မှာ​ ​ဖော်ပြပါတယ်။

ပါတီ​ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ပုံတင်ရေးဘက်က ရပ်တည်တဲ့​ အကြောင်းနဲ့  ဒါဟာ စွန့်​စားပြီးလုပ်တဲ့ အလုပ်ဖြစ်တယ်လို့​ အစည်းအဝေး​ အပြီး ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ခုကျမတို့ လုပ်နေတဲ့အလုပ်တွေဟာ​ တကယ်တော့ စွန့်စားချက်ပဲလို့ ပြောရမှာပဲ။ စွန့်စားချက်လို့ ဆိုပေမယ့်လည်း မျက်စိစုံမှိတ်ပြီး စွန့်စားခြင်းမဟုတ်ပါဘူး အခြေအနေကို သုံးသပ်ပြီးတော့ စွန်စားသင့်တဲ့ အချိန်ရောက်လို့ စွန့်စားမယ်လို့ ဆိုပြီးတော့ ဆုံးဖြတ်တာ​ ​ဖြစ်ပါတယ်။ ၁၀၀​ ရာခိုင်နှုန်း အောင်မြင်ခြေ​ ရှိတယ်လို့ ကျမတို့ မပြောနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်​ ​ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း​ ​အောင်မြင်ပါမယ်ဆိုတဲ့ အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးလုပ်လို့ လုံးလုံးကို​ မဖြစ်ပါဘူး”​ လို့​​ ​ပြောကြားသွားပါတယ်။

အန်အယ်လ်ဒီပါတီအနေနဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ  လစ်လပ်နေတဲ့​ ​နေရာတွေအားလုံးမှာ​ ​တတ်နိုင်သလောက် ယှဉ်ပြိုင်သွားမယ့် အကြောင်းနဲ့ ပါတီမှတ်ပုံတင်ရေး မထောက်ခံသူတွေလည်း ၀ိုင်းဝန်း​ ​လုပ်ဆောင်ကြဖို့​ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခုချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ​ကြားဖြတ်​ ​ရွေးကောက်ပွဲအတွက် ခန့်မှန်းခြေ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလောက် ရှိနေပြီး​ ​ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် အတွက် နေရာ ၂ နေရာ ရှိတယ်လို့  နိုင်ငံရေးပါတီတွေဆီက စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013