မြန်မာလွှတ်တော်အမတ်များကို တရုတ်စာသင်ပေးမည်
DVB
·
December 15, 2016
မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကို တရုတ်ဘာသာစကား သင်ကြားပေးဖို့အတွက် တရုတ်သံရုံးရဲ့ အကူအညီနဲ့ အခမဲ့သင်တန်း ပထမဆုံးအကြိမ် ပို့ချပေးဖို့ ရှိနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ဒီသင်တန်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအပြင် လွှတ်တော်ရုံးဝန်ထမ်းတွေပါ ဆန္ဒရှိရင် တက်ရောက်သင်ယူနိုင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပြန် မြန်မာပညာတော်သင်များအသင်း (မန္တလေး) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ကျော်သန်းထွန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
တရုတ်စာသင်ကြားမှု အစီအစဉ်ကိုတော့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးနဲ့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတို့ရဲ့ အကူအညီယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက ဦးစီးကွပ်ကဲသွားမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက ကလည်း ခွင့်ပြုထားပြီးဖြစ်တဲ့ အကြောင်းနဲ့ လတ်တလော ကိုယ်စားလှယ် ၆၀ လောက်က တရုတ်စာသင်ဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ မြန်မာလွှတ်တော်အမတ်တွေကို အင်္ဂလိပ်စာ သင်ကြားပေးတာ အပါအဝင် တခြား စွမ်းရည်မြှင့်သင်တန်းတွေလည်း ပေးနေတာဖြစ်ပါတယ်။