Home
မြန်မာသတင်း
မယ့်သမီးခီးစက်မှုဇုန် စီမံကိန်း ဒေသခံပြည်သူများကို အသိပေးစေလို
DVB
·
December 15, 2016
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မေတ္တာမြို့နယ် ထီးခီးဒေသ မယ့်သမီးခီး စက်မှုလုပ်ငန်းနယ်မြေ စီမံကိန်းအပါအဝင် စီမံကိန်း(၄)ခုအတွက် Sun and Rainbow ကုမ္ပဏီနဲ့ Power China International Group Limited တို့အကြား နားလည်မှုစာချွန်လွှာ (အမ်အိုယူ) လက်မှတ်ရေးထိုးလိုက်ပါတယ်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၃)ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းတွေအတွက် ဒေသခံတွေကို အသိပေးပြီး ရှင်းပြခဲ့တာမရှိဘူးလို့ ထားဝယ်မြိုခြေစိုက် တာကပေါလူငယ်အဖွဲ့က နော်ပီသလောက ပြောပါတယ်။ “ဒီဒေသမှာ စက်မှုဇုန်ဖြစ်စေ၊ ရေအားလျှပ်စစ်စီမံကိန်းဖြစ်စေ၊ ဆိပ်ကမ်းနဲ့ လမ်းဖောက်လုပ်ခြင်းဖြစ်စေဒေသခံတွေကိုအသိပေးရမယ်။ တကယ်သက်ရောက်မှုဖြစ်တဲ့သူတွေကို တွေ့ဆုံရှင်းပြရမယ်။ ဘာတွေလုပ်မလဲဆိုတာ သတင်းအချက်အလက်တွေကို အသိပေးရမယ်။ အခုက ဘာမှမရှိဘဲ ကုမ္ပဏီ ၃ ခုက MOU လက်မှတ်ထိုးတာက မသင့်လျော်ဘူးလို့မြင်ပါတယ်။ သူ့ကို ဘယ်လမ်းကိုဖောက်လုပ်မလဲဆိုတာမဖော်ပြဘူး။  တနင်္သာရီရေအားလျှပ်စစ်စီမံကိန်းကိုလည်း ဘယ်မှာလုပ်မလဲ။ မီဂ္ဂါဝပ်ဘယ်လောက် ထုတ်မလဲ၊ ဘယ်ကုမ္ပဏီက လုပ်မလဲ၊ ပြည်တွင်း အတွက်လား ပြည်ပကိုရောင်းစားမလား စသဖြင့်ဘာမှ လူထုတွေကို အသိပေးပြောဆိုတာလုံးဝ မရှိဘူး။ ” အဆိုပါ မယ်သမီးခီးဒေသမှာ မြို့ပြစီမံကိန်းအပါအ၀င်၊ စက်မှုဇုန်၊ အသေးစားဆိပ်ကမ်း၊ လမ်းဖောက်လုပ်ရေးနဲ့ တနင်္သာရီမြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ဖို့ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးပွဲမှာ Noble Prince ကုမ္ပဏီ ဒါရိုက်တာ စောမိုက်ကယ်(ခ)မူကယ်က သက်သေပြု လက်မှတ်ရေးထိုးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ဘိတ်ထားဝယ်ခရိုင် ကေအန်ယူ ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီလက်မှတ်ထိုးပွဲကို ကေအန်ယူဥက္ကဋ္ဌ အပါအ၀င်တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့အပေါ် တာကပေါလူငယ်အဖွဲ့က  နော်ပီသလောက “ကုမ္ပဏီ ၃ ခုအနေနဲ့ အမ်အိုယူ ထိုးလို့ရပါတယ်။ ဒါပေမယ့် ဖိတ်စာမှာဘာကြောင့်ကေအန်ယူအမှတ်တံဆိပ်ပါဝင်ဖိတ်ထားပြီး ကေအန်ယူဥက္ကဋ္ဌ အဖိုး မူတူးဆေးဖိုးကိုယ်တိုင် လာတက်ရလဲဆိုတာ မရှင်းဘူး။ ဆိုတော့ Sun and Rainbow ကုမ္ပဏီက ဦးငွေစိုးရရေးသားချက်မှာ  ကေအန်ယူက ဦးစီးဦးရွက်လုပ်တဲ့စီမံကိန်းလို့ ရေးသားထားတယ်။  ဆိုတော့ ကျမတို့ကို ရှုပ်ထွေးစေပါတယ်။ ”လို့ပြောပါတယ်။ ကေအန်ယူ မြိတ်ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုဆာပိတိုကတော့ အမ်အိုယူလက်မှတ်ထိုးတဲ့ ကိစ္စမှာ ကေအန်ယူရဲ့  Noble Prince ကုမ္ပဏီက  သိရှိကြောင်း အသိသက်သေအနေနဲ့ ပါဝင်တာဖြစ်တယ်၊ ကေအန်ယူဥက္ကဋ္ဌ အနေနဲ့ ဒီပွဲကို ကုမ္ပဏီက ဖိတ်လို့သွားတာဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားသွားတက်ခဲ့ တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကေအန်ယူနယ်မြေထဲ စီမံကိန်း ဖော်ဆောင်မယ်ဆိုရင်တော့ ကေအန်ယူရဲ့ မူဝါဒ အတိုင်းလိုက်နာရမှာဖြစ်ပြီး ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ရင်တော့ရပ်စဲရမှာဖြစ်တယ်လို့ ပြောပါတယ်။ “သူတို့ရှေ့ဆက်ပြီး လုပ်ငန်းအကောင်အထည်ဖော်မယ်ဆိုရင် သူတို့အမ်အိုယူကို သေချာပြန်ကြည့်ရမယ်။ ဒေသခံတွေရဲ့နေထိုင်စားသောက်ရေး၊ သဘာဝပတ်ဝန်းကျင်အရေးတွေကို ထိခိုက်မယ်ဆိုရင်တော့ ကျနော်တို့က ချက်ချင်းရပ်ပစ်ရပါတယ်။ သူတို့ရဲ့ဘယ်စီမံကိန်းမဆို ဒေသခံတွေကို ထိခိုက်တယ်။ လူထုတွေ လက်မခံဘူးဆိုရင်ရပ်မှာပဲ။ လောလော ကေအန်ယူရဲ့နယ်မြေအတွင်း လုပ်မယ်ဆိုရင် ကေအန်ယူနဲ့ သေချာပြန်တိုင်ပင်ဆွေးနွေးရမယ်။ သူတို့က ကေအန်ယူ ကုမ္ပဏီ Noble Prince နဲ့ ဆွေးနွေးရတယ်။ Noble Prince ကလည်း မြိတ်ထားဝယ်ခရိုင်ကို တင်ပြရမယ်။ ခရိုင်ကော်မတီဝင်တွေ ဆွေးနွေးပြီးမှ ဗဟိုကို ပြန်တင်ပြရမယ်။ ဗဟိုအတည်ပြုချက်က အဓိကဖြစ်ပါတယ်။ နောက်ခုက ဒီကိစ္စက အဆင့်အများကြီး ကျော်ဖြတ်ရပါဦးမယ်။  အခုက နိုင်ငံတော် ခွင့်ပြုချက်တွေဘာတွေ ဘာမှမရှိသေးပါဘူး။ ” တနင်္သာရီတိုင်းဒေသကြီးအစိုးရကလည်း ဒီကိစ္စကို အစိုးရအနေနဲ့ တရားဝင်ခွင့်ပြုချက်ပေး တာမဟုတ်သေးဘူးလို့ အတွင်းရေးမှူး ဦးဝင်းရှိန်က ပြောပါတယ်။ “ စက်မှုဇုန်လုပ်ငန်းက အခုမှတင်ထားတုန်းပဲရှိသေးတယ်။ အစိုးရအဖွဲ့တောင်ခွင့်မပြုသေးဘူး။ ထီးခီးမှာ စက်မှုဇုံလုပ်မယ်။ အဲဒီစက်မှုဇုန်က ဧက ၆၆၇၆၊ အခုမှ ကျနော်တို့က မြေတွေတိုင်းပြီးတော့ ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်မလဲ ဘာညာအခုမှ တင်ထားတုန်းပဲ၊ အဲဒါနဲ့ပတ်သက်လို့ ဘယ်သူမှ ချမပေးသေးဘူး။ ဒါပမေယ့် ကေအန်ယူကဘယ်လိုချိတ်ပြီး ဘယ်လိုလုပ်လဲတော့မသိဘူး။  ” မယ့်သမီးခီးဟာ ထိုင်း-မြန်မာနယ်စပ်က ထားဝယ်ခရိုင်အတွင်းမှာတည်ရှိတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024