DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ကိစ္စ ပြည်နယ်နှင့် တိုင်းအမှုဆောင်များ ကြိုတင် ဆွေးနွေး
DVB
·
November 17, 2011
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​ ​ပြည်နယ်နဲ့​တိုင်းက ဗဟိုဦးစီး အဖွဲ့ဝင်တွေဟာ ရန်ကုန်မှာ ရောက်ရှိနေကြပြီးတော့ မနက်ဖြန် ကျင်းပမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေး​ မတင်ရေးကိစ္စကို သက်ဆိုင်ရာ​ ​ပြည်နယ်တိုင်း​ အလိုက်​ ​ကြိုတင်​ ​ဆွေးနွေးမှုတွေ​ ရှိနေပါတယ်။

ပါတီရဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်ပေမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးအတွက် ပြည်နယ်နဲ့တိုင်းတွေက ဗဟိုဦးစီး အဖွဲ့ဝင်တွေဟာ ရန်ကုန်အဖွဲ့ချုပ်ရုံးကို စတင်ရောက် ရှိနေကြပြီး  အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေးကိစ္စ ပြည်နယ်နဲ့တိုင်းအလိုက် အသီးသီး ဆွေးနွေးကြတယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“မနက်ဖြန် မနက် ၁၀ နာရီမှာ အစည်းအဝေးစမယ်။ အဓိက ဆုံးဖြတ်ရမှာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ အဖြစ်နဲ့ ပြန်လည် မှတ်ပုံတင်မလား။ မတင်ဘူးလား။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ပေးကြမှာ ဖြစ်ပါတယ်။”

ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့တိုင်းအသီးသီးက ကိုယ်စားလှယ်တွေအကြား မတူတဲ့အမြင်တွေ ရှိနေကြပါတယ်။

ပဲခူးတိုင်းက ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ဖို့အောက်ခြေမှာ သဘောတူညီထားတဲ့အတွက် ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်သင့်တယ်လို့ ပြောပါတယ်။

“နံပတ် ၁ ပါတီ မှတ်ပုံတင်ထိုက်တယ်ပေါ့။ အဲဒီအချက်ကို ဆက်ပြောရင် ရွေးကောက်ပွဲ ၀င်ထိုက်တယ်ပေါ့။ တချို့က နားမလည်တဲ့အခါကျတော့ မ၀င်ဘူး ဘာညာပေါ့။ ဒါပေမယ့်လည်း မှတ်ပုံတင်လိုက်တာနဲ့ တပြိုင်တည်း အနည်းဆုံး ၃ နေရာ ၀င်ရတော့မယ်။ ပြောင်းလို့မှ မရတာ။ အကုန်လုံး သဘောထားတာကတော့ တညီတည်းနည်းနည်း ရှိတယ်ဗျာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ရေနံချောင်းမြို့နယ်က ဒေါ်ခင်စောဌေးက “အန်တီတို့ မြေလတ်ပိုင်း ပြည်သူလူထုကတော့ မှတ်ပုံတင်တာတို့ ရွေးကောက်ပွဲ ၀င်တာတာတို့ကို မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ ရွှေဂုံတိုင် ကြေညာစာတမ်း အချက်သုံးချက်လည်း တချက်မှ မရသေးဘူး။ နောက်တခုက အကျဉ်းသားတွေကို လွှတ်ပေးဖို့ နေနေသာသာ နေရာပြောင်းတာပဲ လုပ်ပေးသေးတယ်။ အန်တီတို့ ရတဲ့ဟာက ဒီရွေးကောက်ပွဲ ၀င်ဖို့ အချက် ၂ ချက်ပဲ ပြင်ပေးတာ။ အန်တီတို့ ပေးရမှာတွေက များတယ်” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တာဟာ အလျှော့ပေး ဒူးထောက်တာ မဟုတ်ဘဲ နည်းလမ်းတခုသာ ဖြစ်တယ်လို့ ကရင်ပြည်နယ် ဦးစီးအဖွဲ့ဝင်နဲ့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော် အမတ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ပထမတဆင့်အနေနဲ့ အန်တီတို့ စဉ်းစားရမှာက အရင်က မှတ်ပုံတင်တာကို လက်မခံနိုင်ကြဘူးလေ။ အခုကျတော့ အန်တီတို့ အဖွဲ့က ပြင်ဆင်သင့်တဲ့ အဓိကကျတဲ့ အချက်တွေကို တောင်းဆိုထားတာ ရှိတယ်လေ။ အဲဒီ တောင်းဆိုထားတာမှာ သူက ၂ ချက်ပြင်ပေးတယ်။ ပထမတချက်က နိုင်ငံရေး အကျဉ်းကျနေတဲ့ လူတွေ မပါရဘူးဆိုတာကို သူတို့ ပယ်ဖျက်ပေးတယ်။ နောက်တချက်က ကာကွယ်စောင့်ရှောက်ရမယ့်အစား လေးစားလိုက်နာရမယ်လို့ ပြင်တာက အန်တီတို့က ဘယ်သူ့ကိုမဆို လေးစားပြီးသားပါ။ တချို့ကတော့ ကာကွယ်စောင့်ရှောက်ရတာနဲ့ လေးစားလိုက်နာရတာ အတူတူပဲလို့ ပြောကြတယ်။ အန်တီတို့က ကွဲပြားတယ်လို့ လက်ခံထားတယ်။ အခုဟာက အလျှော့ပေး ဒူးထောက်တာ မဟုတ်ဘူးလေ။ နည်းလမ်းတခုနဲ့ သုံးတာ။ သူတို့ဘက်က လျှော့ပေးရင် အန်တီတို့ဘက်ကလည်း လျော့ပေးရမှာပဲလေ။ အခုလည်း သူတို့က တရားဝင် လျှော့ပေးတာပဲလေ။”

ခုချိန်ခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအတွက် ထိခိုက်နိုင်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးအဖွဲ့ဝင် မကွေးတိုင်း ဒုတိယဥက္ကဋ္ဌ ဦးညွှန့်လှိုင်က ပြောပါတယ်။

“ကျနော်တို့ အန်ဒီအက်ဖ်လို ပဲ့ထွက်မသွားဘူး။ ပါတီတွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ နေပြီးတော့ သူတို့ မှတ်ပုံတင်လို့ရမယ်ဆိုတဲ့ အခွင့်အရေးတွေ အကျိုးတွေ၊ ပြည်သူ့အတွက်ကော အဖွဲ့ချုပ် အတွက်ရော ရမယ့်ကိစ္စတွေကို ကျနော်က အေးအေးဆေးဆေးပဲ ထိုင်ကြည့်မှာပဲလေ။ တကယ်လို့ မှတ်ပုံတင်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သမိုင်းကြောင်းမှာ ထိခိုက်သွားတယ်။ ပါတီလည်း အားကိုးမှု နည်းလာတယ်ဆိုရင် မှတ်ပုံတင်ဖို့ ပြောတဲ့သူတွေရဲ့ တာဝန်ပဲလို့ ကျနော်ပြောထားတယ်။”

၂၀၁၀ ရွေးကောက်ပွဲကာလမှာ  အဖွဲ့ချုပ်ဟာ  ရွေးကောက်ပွဲဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံတွေကို လက်မခံနိုင်တဲ့အတွက် ပါတီမှတ်ပုံမတင် ရွေးကောက်ပွဲ မ၀င်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

အစိုးရက မကြာသေးခင်က  နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင်​ ဥပဒေကို​ ​ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ အန်အယ်လ်ဒီပါတီ  မှတ်ပုံတင်ဖို့ မတင်ဖို့ ဆုံးဖြတ်ဖို့ ဖြစ်လာတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ ညီလာခံကို မနက်ဖြန်ကျင်းပမှာဖြစ်ပြီး ပါတီမှတ်ပုံတင် မတင်ကိစ္စနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး ကိစ္စ  ဆွေးနွေး ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013