Home
မြန်မာသတင်း
မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းခွဲခန့် ဖမ်းဆီးရမိ
DVB
·
December 13, 2016
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်(ရေ) က ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာဖွယ် စက်လှေ ၂ စီးပေါ်က ကျပ်သိန်း ၂၉၀၀၀ ခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား တသန်းခွဲနီးပါးလောက် ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အင်းဒင်ရွာအနောက်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာမှာ ဒီဇင်ဘာ ၁၁ ရက် မနက် ၂ နာရီလောက်က မသင်္ကာဖွယ် လှေတစင်းအား တွေ့ရှိလို့ မီးအချက်ပြခေါ်ယူရာ မောင်းနှင်ထွက်ပြေးလို့  လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာမှ အဆိုပါလှေပေါ်မှ လူ ၅ ဦးကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းခန့် (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀၀ ခန့်) ထည့်ထားတဲ့ ဆာလာအိတ် ငါးအိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ အလားတူ ဒီဇင်ဘာ ၁၁ ရက် မနက် ၄ နာရီလောက်မှာလည်း ကျောက်ပန်းနုကျေးရွာ အနောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာမှာ မသင်္ကာဖွယ်လှေတစင်းကို တွေ့ရှိလို့ စစ်ဆေးဖမ်းဆီးရာ လူ ၆ ဦးကို တဘက်နိုင်ငံသို့ ပို့ဆောင်မယ့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၉၀၀၀ ခန့်) ထည့်ထားတဲ့ ဆာလာအိတ်နှစ်အိတ်ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးတွေ စက်လှေတွေနဲ့အတူ စစ်တွေမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024