တညတည်း လေးကြိမ်ပေါက်ကွဲမှုဖြစ်သည့် ကြောက်မက်ဖွယ်မီးတောင် (ရုပ်သံ)

1.7K
မက္ကဆီကိုနိုင်ငံမှာ မီးတောင်တလုံးဟာ တညတည်းမှာ လေးကြိမ်တိုင်တိုင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးနားနေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမြင့်ပေ ၁၂၅၃၃ ရှိတဲ့ မီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက်မှာ မီးလျှံတွေထွက်နေပြီး ချော်ရည်ပူတွေ၊ ပြာတွေဟာ ပေ ၁၀၀ ၀န်းကျင် အနီးတ၀ိုက် ပျံ့နှံ့သွားခဲ့တာကို တွေ့ရပါတယ်။
အဆိုပါမီးတောင်ဟာ မက္ကဆီကိုမြို့အနောက်ဘက် မိုင် ၄၃၀ အကွာ ကိုလီမာဒေသအနီးမှာ တည်ရှိနေတာပါ။
ခုလိုပေါက်ကွဲမှုကြောင့် အနီးနားနေထိုင်သူတွေကို မီးတောင်အနီး သွားလာမှုတွေ မလုပ်ကြဖို့နဲ့ နှာခေါင်းစည်းအဖုံးအကာတွေ ၀တ်ဆင်ကြဖို့ အစိုးရက တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေကြရတယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
နောက်ပြီး နေအိမ်ပြတင်းတံခါးတွေကို ပိတ်ထားကြဖို့၊ ရေလှောင်ကန်တွေကို ဖုံးအုပ်ထားကြဖို့၊ ဖြစ်နိုင်ရင် အပြင်ကို ယာဉ်နဲ့မောင်းနှင်သွားလာမှုတွေ မလုပ်ကြဖို့၊ တကယ်လို့ မဖြစ်မနေ သွားဖို့လိုအပ်လာတယ်ဆိုရင် ကားရှေ့မီးကြီးကို ဖွင့်မောင်းကြဖို့လည်း သတိပေးထားတာပါ။