DVB Logo
Home
မြန်မာသတင်း
သတ္တုတူးဖော်လိုသူများအတွက် ပတ္တမြားနဂါးဖောင်ဒေးရှင်း ငွေထုတ်ချေးမည်
DVB
·
November 17, 2011
သတ္တုတူးဖော်လိုသူများအတွက် ပတ္တမြားနဂါးဖောင်ဒေးရှင်း ငွေထုတ်ချေးမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံထဲမှာ သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ အရင်းအနှီးမဲ့ လက်လုပ်လက်စားတို့ရဲ့ ဘ၀မြှင့်တင်ဖို့ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် လွှတ်တော်အမတ် ဦးနေ၀င်းထွန်း ဦးဆောင်တဲ့ ပတ္တမြားနဂါး ​ဖောင်ဒေးရှင်းက ငွေတွေ ထုတ်ချေးပေးတော့မယ်လို့ ပြောပါတယ်။

[caption id="attachment_17966" align="alignleft" width="300" caption="photo-rubydagoncompanies.com​ "][/caption]

ပတ္တမြားနဂါး​ ​ဖောင်ဒေးရှင်းဟာ ​ကျောက်မျက်ရတနာနဲ့ သတ္တုရောင်းရ ငွေတွေကနေ ကျပ်သိန်းပေါင်း တသောင်းခွဲ မတည်ပြီး  သတ္တုတူးဖော်တဲ့​ အလုပ်မှာ အတွေ့အကြုံရှိတဲ့၊ လုပ်ငန်းလုပ်ဖို့ အရင်းအနှီး မတတ်နိုင်သူတွေအတွက် အလုပ်သမား အစုအဖွဲ့တခုကို​ ကျပ်ငွေ ၁၀ သိန်း အတိုးမဲ့ ချေးပေးမယ်လို့ ဦးနေ၀င်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ပုဂ္ဂလိကပိုင် လျှောက်မှာပါ။ ကျေးရွာပြည်သူတွေကို ကုမ္ပဏီ တည်ထောင်ပေးပါမယ်။ ကုမ္ပဏီမထောင်နိုင်တဲ့ ပုဂ္ဂိုလ်များကို ကျနော်တို့ ထောင်ပြီးသား ကုမ္ပဏီတွေကနေပြီးတော့ တပိုင်တနိုင်ကို ပြန်လည်ပြီးတော့ ကူညီသွားပါမယ်။ အစိုးရကလည်း တပိုင်တနိုင်ပေးဖို့ ကျနော်တို့ တောင်းဆိုတာ ရှိပါတယ်။ မပေးနိုင်ရင်လည်း ကျနော်တို့ ကုမ္ပဏီထဲက ပြန်ခွဲပြီးတော့ ပေးသွားမှာပါ။”

ဖောင်ဒေးရှင်းအနေနဲ့ သတ္တုတူးဖော်ရာမှာ  နည်းပညာပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးပြီး ကုမ္ပဏီ တည်ထောင်နိုင်အောင် ကူညီမယ့်အပြင်   တူးဖော်လို့ ရတဲ့ သတ္တုတွေရောင်းချနိုင်ဖို့  ဈေးကွက်တွေလည်း ရှာပေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့က တောင်ကတုံးတွေ၊ စီးပွားရေးအတွက် အသုံးမ၀င်တဲ့  သစ်ပင်သစ်တောတွေထဲက  ၀ူဖရန်၊ ခနောက်စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေ၊ သွပ်၊ သံ၊ ကြေးနီ၊ ကျောက်မီးသွေး စတဲ့ သတ္တုတွေကို တူးဖော်ပြီး နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး ခုလိုလုပ်ဆောင်တာလို့ ပတ္တမြားနဂါး ဖောင်ဒေးရှင်းက ပြောပါတယ်။

သတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ဒေသခံတွေရဲ့ နေထိုင်မှုဘ၀ ထိခိုက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ပအိုဝ့်လူငယ်အဖွဲ့က အတွင်းရေးမှူး ခွန်ချမ်းကီက မြန်မာနိုင်ငံအနှံ့ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

“သတ္ထုတူးတော့မယ်ဆိုရင် ဥပမာ မြစ်ချောင်းအင်းအိုင် နီးတယ်ဆိုရင် အဲဒီ ရေရဲ့ အရင်းအမြစ်ကို ထိခိုက်မယ်။ ကျေးရွာတွေကို နီးကပ်မယ်ဆိုရင် အဲဒီရွာတွေရဲ့ လေထု ညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ သက်ကြီးရွယ်အိုတွေရော အဲဒီမှာ နေထိုင်တဲ့ ရွာ ထိခိုက်မယ်။ အဲဒီလိုမျိုးကျတော့ အဲဒီသတ္ထုတူးတဲ့လူတွေက ဒါက နောင်ဖြစ်ပျက်လာမယ့် ဆိုးကျိုးတွေကို သူတို့ ဘယ်လောက် အာမခံပေးမလဲပေါ့။”

ပတ္တမြားနင်္ဂါး ဖောင်ဒေးရှင်းကတော့ သတ္တုတူးဖော်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့အတွက် ပညာရှင်တွေနဲ့ မြေသားတွေကို စစ်ဆေးပြီးမှ တူးဖော်မယ်လို့ ဆိုပါတယ်။

ပတ္တမြားနဂါး ဖောင်ဒေးရှင်းကို တည်ဆဲဥပဒေနဲ့အညီ ထူထောင်ခွင့်ရဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလက အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ရာ အမတ် ၁၂ ဦးတို့က ထောက်ခံခဲ့တဲ့အတွက် လွှတ်တော်က အတည်ပြုပေးခဲ့တယ်။

ဖောင်ဒေးရှင်း ဖွဲ့စည်းပုံရေးပြီးရင် တရက်နှစ်ရက်အတွင်း ပြည်ထဲရေးဌာနကို တင်ပြပြီး ခွင့်ပြုချက်ရတာနဲ့ တလနှစ်လအတွင်း လုပ်ငန်း​ ​အကာင်အထည်​ ​ဖော်နိုင်တော့မယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013