A d v e r t i s e m e n t With Us

ဆန္ဒပြကိုယ်​တော်များ​ကို မန္တ​လေး​တွင် သီတင်း​သုံး​ခွင့်​မပြု

မန္တ​လေး​မြို့​မှာ ငြိမ်း​ချမ်း​ရေး​တရား​ပွဲလုပ်တဲ့​ သံဃာ ၅ ပါး​ကို မန္တ​လေး​မြို့​ပေါ်က ​ကျောင်း​တိုက်​တွေမှာ ဆက်လက် သီတင်း​သုံး​ခွင့်​ မပြု​တော့​ဘူး​လို့​ ဆန္ဒပြသံဃာ​တွေက ​ပြောပါတယ်။ ယခင်က သီတင်း​သုံး​တဲ့​ မန္တ​လေး​မြို့​ပေါ်က ရန်ကုန်​ကျောင်း​တိုက်မှာ ဆက်လက် သီတင်း​သုံး​ခွင့်​ မပြု​တော့​ဘဲ သံဃာ​တော်​တွေရဲ့​ ဇာတိနယ်​မြေဖြစ်တဲ့​ မုံရွာကို မနက်ဖြန် ​နေ့​ခင်း​ပိုင်း​မှာ ပြန်လည်ပို့​ဆောင်​တော့​မှာလို့​ ဆန္ဒပြကိုယ်​တော်တပါး​က မိန့်​ကြား​ပါတယ်။ “ဟုတ်တယ် ဦး​ဇင်း​တို့​ကို နက်ဖြန်​နေ့​လယ် ၁၂ နာရီကျရင် သူတို့​အစီအစဉ်နဲ့​ ကား​နဲ့​ပြန်ပို့​ပေး​မယ်​ပြောတယ်။ သာသနာ​ရေး​ ဝန်ကြီး​ဌာနက​နေ အဖွဲ့​အစည်း​ပေါင်း​စုံ အား​လုံး​က ပြန်ခိုင်း​တာပါ။ သံဃာ့​နာယကကို။ ဦး​ဇင်း​တို့​ပြန်ရမယ်​လေ။ မစိုး​ရိမ်ဆရာ​တော်ကြီး​က တာဝန်ယူပြီး​တော့​မှ ဦး​ဇင်း​တို့​ကို ပြန်ခိုင်း​တာ။ အား​လုံး​က တနယ်တည်း​ ဖြစ်​နေတယ်။ ဒါ​ကြောင့်​ အား​လုံး​တူတူပဲ ပြန်ကြမှာ။” မုံရွာကို​ရောက်ရင် ဖမ်း​ဆီး​တာ​တွေ မဖြစ်​အောင် မန္တ​လေး​ မစိုး​ရိမ်တိုက်​ဟောင်း​ ဆရာ​တော်ရဲ့​ ​ထောက်ခံချက်လက်မှတ်​တွေကို တ​စောင်စီ ထုတ်​ပေး​ထား​တယ်လို့​ သိရပါတယ်။ သံဃာ ၅ ပါး​ဟာ အင်္ဂါ​နေ့​မနက်က မန္တ​လေး​ မဟာမြတ်မုနိ ဘုရား​ကြီး​ဝင်း​ထဲမှာ ငြိမ်း​ချမ်း​ရေး​တရား​ပွဲ​တွေကို စလုပ်ခဲ့​တာဖြစ်ပြီး​၊​ ​နေ့​တွင်း​ချင်း​ မစိုး​ရိမ်တိုက်ကို ​ပြောင်း​ရွှေ့​ခဲ့​ရပါတယ်။ အဲဒီ​နောက် မ​နေ့​က ​နေ့​ခင်း​ပိုင်း​က မစိုး​ရိမ်တိုက်မှာ တနာရီကြာ တရား​ဟောပြီး​နောက် ​ရေ​တော်ပိဋကပါလ ​ကျောင်း​တိုက်ကို ထပ်မံ​ပြောင်း​ခဲ့​ရပြီး​ ​နောက်ဆုံး​ မူလ​နေရပ်​တွေကို ပြန်ကြွကြဖို့​ ဖိအား​ပေး​ခံရတာပါ။ မ​နေ့​တုန်း​က​တော့​ သံဃာ​တော်​တွေရဲ့​ မူလ​တောင်း​ဆိုချက်ဖြစ်တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေလွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့်​ရ​ရေး​ အချက်​တွေပါဝင်တဲ့​ ​တောင်း​ဆိုချက်​တွေကို ဗဟိုသံဃာ့​ မဟာနာယကအဖွဲ့​နဲ့​ အစိုး​ရအဖွဲ့​ကို တရား​ဝင်လမ်း​ကြောင်း​က​နေ ​ပေး​ပို့​သွား​ဖို့​ မန္တ​လေး​မြို့​ပေါ်က နာယက ဆရာ​တော်​တွေကို စီစဉ်​ပေး​ခဲ့​တယ်လို့​ ဆန္ဒပြကိုယ်​တော်​တွေက မိန့်​ကြား​ပါတယ်။ မနက်ဖြန် မုံရွာကို ပြန်မကြွခင်အထိ အခု​နောက်ဆုံး​သီတင်း​သုံး​နေတဲ့​ ​ရေ​ကျော်​ကျောင်း​တိုက်မှာပဲ ဆက်လက် သီတင်း​သုံး​ခွင့်​ပြုထား​တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up