အစ္စတန်ဘူ ဘောလုံးကွင်းနားပေါက်ကွဲမှု လူ ၃၈ ဦး သေဆုံး

တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူမြို့ ဘောလုံးကွင်းနားမှာ ဗုံးပေါက်ကွဲမှု ၂ ခုဖြစ်ခဲ့လို့ လူ ၃၈ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ရဲတွေကို ပစ်မှတ်ထားတဲ့ မော်တော်ကားဗုံးနဲ့ အသေခံဗုံးခွဲတာတွေလို့ အာဏာပိုင်တွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ထိပ်သီးဘောလုံးအသင်း ၂ သင်းဖြစ်တဲ့ ဘီဆစ်ခ်တက်စ်နဲ့ ဘာစက်စ်ပေါ အသင်း ၂ သင်း ဘီဆစ်ခ်တက်စ်ရဲ့ အိမ်ကွင်းမှာ ကစားပြီးလို့ ၂ နာရီအကြာမှာ ဗုံးပေါက်ကွဲခဲ့တာပါ။ သေဆုံးသူ ၃၈ ဦးထဲမှာ အယောက် ၃၀ က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူ ၁၀ ဦးကို ဖမ်းဆီးထားပါတယ်။ တူရကီနိုင်ငံမှာ တနိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ဆောင်နေပါတယ်။ တူရကီနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ သိပ်မကြာသေးခင်က သေဆုံးမှုတွေရှိတဲ့ စစ်သွေးကြွတိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်စစ်သွေးကြွအုပ်စုကမှ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တယ်လို့ မပြောပေမယ့် တူရကီနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကို ကာဒစ်ရှ်စစ်သွေးကြွတွေနဲ့ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာလို့ ဘီဘီစီရဲ့ တူရကီနိုင်ငံအခြေစိုက် သတင်းထောက် မာ့က်လိုဝန်က သတင်းပို့ခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ရဲတွေက လုံခြုံရေးတပ်သားတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တတ်တဲ့ ကာဒစ်ရှ်စစ်သွေးကြွတွေကို အဓိကသံသယရှိတယ်လို့ ဘီဘီစီသတင်းထောက်က ဖြည့်ပြောလိုက်ပါတယ်။ တူရကီနိုင်ငံရဲ့ သမ္မတက သေဆုံးမှုကို အတည်ပြုပြောကြားလိုက်ပေမယ့် အသေးစိတ်တော့ မပြောသွားပါဘူး။ “ကျနော်တို့ရဲ့လုံခြုံရေးတပ်သားတွေနဲ့ နိုင်ငံသားတွေဟာ အကြမ်းဖက်တိုက်ခိုက်ခံနေရပါတယ်” လို့ သမ္မတက ပြောကြားလိုက်ပါတယ်။

More News
Up