ကော့မှူးတွင် ကြားဖြတ်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉ ဦး ရှိ
DVB
·
December 11, 2016

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၉ ဦးထိ ရှိပြီး ဒီထဲ တသီးပုဂ္ဂလ ၂ ဦး ပါဝင်ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးက ခရိုင်အတွင်းရှိ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လစ်လပ်မဲဆန္ဒနယ်မြေမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ယှဉ်ပြိုင်သူဦးရေ များလာတယ်လို့ ပြောပါတယ်။
“အားလုံး ၉ ယောက် ၀င်ပြိုင်ပါတယ်။ ပုဂ္ဂလက ၂ ယောက်၊ ကျန်တာက ပါတီ ၇ ခု ကပါ။ ကျနော် အလွတ်တော့ အကုန်မရဘူး။ ထုံးစံအတိုင်းပေါ့။ အန်အယ်လ်ဒီ ပါတယ်၊ ပြည်ခိုင်ဖြိုး ပါတယ်၊ ဖလုံစဝေါ် ပါတယ်၊ နောက်ပြီးတော့ တောင်သူလယ်သမားပါတီ ပါတယ်၊ ဒေါက်တာနေဇင်လတ် ပါတီပါတယ်၊ ဦးသုဝေတို့ ပါတီ ပါတယ်။”
ခရိုင်ကော်မရှင်အနေနဲ့ ကော့မှူးပြည်သူ့လွှတ်တော်နေရာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၉ ဦးကို စိစစ်ဖို့ ဒီဇင်ဘာ ၁၂ရက်မှာ ချိန်းဆိုထားတယ်လို့လည်း ပြောပါတယ်။
ကော့မှူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်မယ့်သူက စာရေးဆရာမြောင်းမြဘဆွေရဲ့သား ဦးကျော်ဝင်းဆွေ ဖြစ်ပြီး အင်္ဂလိပ်စာပြ ကျုရှင်ဆရာတဦး ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားတွေအရ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ခုအတွက် ပါတီ ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။